ရေဖြူ၊ ဒီဇင်ဘာ ၂၁

တနင်္သာရီတိုင်း၊ရေဖြူမြို့နယ် ကံပေါက်ဒေသအခြေစိုက် စစ်ကောင်စီရဲ့ မောရဝတီရေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၄ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မောရဝတီရေတပ်စခန်းဌာနချုပ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ကံပေါက်ဒေသကာ ကွယ်ရေးတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တဲ့အတွက် ဌာနချုပ်အတွင်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။

အဲဒီနောက် စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၁၈ ရက်နေ့က ကံပေါက်ဒေသထဲ ဝင်ရောက်လာပြီးနောက် မဂ္ဂရပ်ကွက်နေ ဒေါ်သဲစုမိုး၊ လှည်းကုန်းအမှတ် ၁ ရပ်ကွက်နေ ဒေါ်သန်းသန်းစိုး၊ မိကျောင်းအိုင်ရပ်ကွက်နေ ဦးသားကြီးနဲ့ဇနီးတို့ကို ဖမ်းဆီးခေါ်ဆောင်တာပါ။

မိသားစုနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်ဟာ ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံတွေကို စစ်ဆေးမေးမြန်းစရာရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံ ၄ ဦးဟာ နိုင်ငံရေးနဲ့သက်ဆိုင်သူတွေမဟုတ်ဘဲ သာမန်ဈေးရောင်းသူ၊ ကုန်တင် ကားမောင်းသူနဲ့ ဆိုင်ခန်းငှားရမ်းသူတွေသာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံရသူ ၄ ဦးကို မောရဝတီရေစခန်းတပ်ဌာနချုပ်ဝန်းအတွင်း စစ်ဆေးနေပြီး မိသားစုဝင်တွေနဲ့လည်း တွေ့ဆုံခွင့်မရသေးဘူးလို့ သိရပါတယ်။

ကံပေါက်ဒေသမှာ အခုလိုစစ်ကောင်စီတပ်က အရပ်သားတွေကိုဖမ်းဆီးပြီး ပြန်လွှတ်ပေးတာရှိသ လို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရထားရသူ ၄ ဦးရှိတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

မောရဝတီရေတပ်စခန်းဌာနချုပ်တပ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ကံပေါက် PDF က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

ပုံစာအညွှန်း – ပြီးခဲ့တဲ့နှစ်အတွင်း ကံပေါက်ဒေသမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပိတ်ဆို့စစ်ဆေးနေစဉ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.