နေပြည်တော်၊ ဒီဇင်ဘာ ၁၇

ဘဏ္ဍာငွေလိုအပ်ချက် ကြီးမားနေတဲ့ စစ်ကောင်စီက ဖမ်းဆီးရမိထားတဲ့ တရားမဝင်ကုန်ပစ္စည်းတွေကို မြန်မြန်ဆန်ဆန် လေလံတင်ရောင်းချကြဖို့ သက်ဆိုင်ရာဌာနတွေကို ဖိအားပေးလာတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အစည်းအ ဝေးမှာ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဖိအားပေးပြောဆိုခဲ့ပါတယ်။

ဒုတိယစစ်ခေါင်းဆောင်က ဖမ်းဆီးရမိတဲ့ ကုန်ပစ္စည်းတွေကို ထုခွဲရောင်းချပြီး ရသင့်ရထိုက်တဲ့ ဘဏ္ဍာငွေတွေကို နိုင်ငံတော်ကရရှိဖို့ လိုသလိုလေလံမပစ်ခင် ပစ္စည်းတွေပျက်စီးသွားပါက ဖမ်းဆီးပေးသူရဲ့ ကြိုးပမ်းမှုဟာ အချည်းအနှီးဖြစ်ကာ နိုင်ငံဘဏ္ဍာငွေလည်း ဆုံးရှုံးမယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ပုပ်သိုးပျက်စီးလွယ်တဲ့ ကုန်စည်တွေကို မြန်မြန်ဆန်ဆန် လေလံတင်ရောင်းချဖို့ လိုသလို ဖမ်းဆီးရမိတဲ့ လိုင်စင်ရှိ၊ လိုင်စင်မဲ့မော်တော်ယာဉ်၊ ဆိုင်ကယ်နဲ့ စက်ပစ္စည်းတွေကိုလည်း လုပ်ထုံး လုပ်နည်းတွေနဲ့ အညီ အမြန်ဆုံးအပ်နှံဖို့ ဖိအားပေးခဲ့တာပါ။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ တရားမဝင်ကုန်သွယ်မှု ကြီးထွားလာတာဟာ စစ်ကောင်စီရဲ့ ဝန်ထမ်းတွေကြောင့်ဖြစ်သလို အခုလိုဖမ်းဆီးရမိတဲ့ ပစ္စည်းတွေကို အမြန်ဆုံးလေလံတင် ရောင်းခိုင်းတာဟာ စစ်ကောင်စီမှာ ဒေါ်လာလိုအပ်ချက်နဲ့ ဘဏ္ဍာငွေရှားပါးလာမှုကို ပြသနေတာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တရားမဝင်ဘဲ ရတာလေ။ တရားဝင်က ဘာရလို့လဲ။ အဲဒီမှာမြင်တဲ့အတိုင်းပဲ လမ်းကြီးပိတ်ထားတော့ ဘာမှမရဘူး။ တရားမဝင်ကုန်သွယ်မှုဆိုပြီး စာထဲမှာပါတဲ့အတိုင်း လျှောက်ပြောနေတာလေ။ ဝန်ထမ်းတွေပဲလုပ်လို့ရတာ။ ကျန်တဲ့သူ ဘယ်သူလုပ်လို့ရလို့လဲ။ ရှိသမျှဂိတ်တွေ အကုန်လုံးက ပိုက်ဆံရလို့ ဖွင့်ထားကြတာကွာ။ ရှိသမျှဂိတ်တွေ အကုန်လုံးကိုလည်း ပိုက်ဆံပေးပြီး သွားနေရတာပဲ။ ကျန်တာမပြောနဲ့။ တပ်ဂိတ်တွေတောင် အနည်းဆုံး သုံးထောင်လောက် ပေးသွားနေရတာပဲ။ သူတောင်သိရဲ့သားနဲ့ လူကြီးတစ်ယောက်အနေနဲ့ သူ့မှာအာဏာရှိရဲ့သားနဲ့ ဘာလို့ပပျောက်အောင် မလုပ်နိုင်တာလဲ။ အခုကပိုက်ဆံကလိုနေတာ။ သူတို့မှာ ဘာမှမရှိတော့ဘူးလေ။ လက်နက်ခဲယမ်းရော ဘာရောညာရော။ ဒေါ်လာတောင်မှ မနည်းအသည်းအသန် လိုနေတဲ့ဟာ”လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ တရားမဝင်ကုန်သွယ်မှုတွေ ဖြစ်ပေါ်နေရတာဟာ စစ်ကောင်စီရဲ့ တင်းကျပ်တဲ့ စည်းကမ်းချက်တွေကြောင့်လည်း ပါဝင်သလို ကုန်သွယ်ရေးမှာ မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေ၊ မလိုလားအပ်တဲ့ ညွှန်ကြားချက်တွေကြောင့်လည်း တရားမဝင်ကုန်သွယ်ရေး ကြီးထွားလာတာလို့ သူက ဆက်ပြောပါတယ်။

ဒုတိယစစ်ခေါင်းဆောင်ကတော့ တရားမဝင်ကုန်သွယ်တဲ့နေရာမှာ တာဝန်ကျဝန်ထမ်းတွေက ငွေ ကြေးရယူပြီး ဖြတ်သန်းခွင့်ပြုတာ၊ တရားမဝင်ကုန်ပစ္စည်းပါပါမပါပါ မျက်ကွယ်ပြုကာ လာဘ်ငွေယူပြီး စေလွှတ်တာတွေအပြင် တရားမဝင်ကုန်စည်ပါတာကိုသိလျက်နဲ့ ဖမ်းဆီးအရေးယူတာမရှိဘဲ ငွေကြေးရယူပြီး လွှတ်ပေးတာတွေရှိတယ်လို့ ဝန်ခံသွားပါတယ်။

ကုန်စည်တွေကို စစ်ဆေးတဲ့နေရာမှာလည်း တရားမဝင်ကုန်စည်တွေကို တွေ့ရှိပေမယ့် တန်ဖိုးနည်းကုန်စည်တချို့ကိုသာ ဟန်ပြဖမ်းဆီးတာတွေရှိပြီး ဝန်ထမ်းတွေအနေနဲ့ တရားမဝင်ကုန်သွယ်တဲ့နေ ရာမှာ နည်းမျိုးစုံနဲ့ပတ်သက်နေတာကြောင့် တာဝန်ရှိသူအဆင့်ဆင့် ကြပ်မတ်ပြီး ထိထိရောက်ရောက် အရေးယူဖို့ကိုလည်း ပြောဆိုသွားပါသေးတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ဟာ ဒေါ်လာ အကျပ်အတည်းကြောင့် ဘာမဆိုအကုန် လုပ်တဲ့ပုံစံဖြစ်သလို အဲဒီအကြံအဖန်လုပ်ငန်းက အောင် မြင်စရာ အကြောင်းမရှိဘူးလို့ ဝေဖန်ပါတယ်။

“သူကတော့ဗျာရရာ ကောက်ရိုးကို ဖမ်းဆွဲနေရတဲ့ အချိန်ဖြစ်တာလေ။ ဒေါ်လာအကျပ်အတည်းကလည်း သိတဲ့အတိုင်းပဲလေ။ ဒေါ်လာကို သူတို့ဗဟိုဘဏ်မှာကိုက ဒေါ်လာကလက်ကျန်က အနုတ်ပြနေတဲ့အခါကျတော့ သူတို့ကဒေါ်လာရမယ်ဆိုရင် ဘာမဆိုသူကအကုန်လုပ်မှာ။ ဒေါ်လာမှဆက်မရရင် ဒီလုပ်ငန်းက သူတို့အနေနဲ့ ရှေ့ဆက်ဖို့က တော်တော်ခက်တယ်။ သူ့အကျပ်အတည်းကတော့ လည်ပင်းရောက်နေပြီ။ ဒါကြောင့်လည်း ဒီလိုသိမ်းဆည်းထားတဲ့ ကားတွေကို ရောင်းပေးမယ် ဘာညာဆိုတာ ခုဏကလို ဒေါ်လာနဲ့ ရောင်းမယ့်ပုံစံပေါ့ဗျာ။ မြန်မာငွေနဲ့ မဖြစ်လောက်ဘူး။ ဒါကြောင့်မို့ သူရဲ့အဲဒီအကြံအဖန်လုပ်ငန်းက အောင်မြင်စရာ ဘာမှမရှိဘူးလို့ ကျွန်တော်တို့က သုံးသပ်ပါတယ်ခင်ဗျ”လို့ ဆိုပါတယ်။

တဖက်မှာတော့ ဒုတိယစစ်ခေါင်းဆောင်က လက်ရှိဖြစ်ပေါ်နေတဲ့ တရားမဝင်ကုန်သွယ်မှုတွေကြောင့် နိုင်ငံအတွက်ရရှိမယ့် အခွန်အခတွေ ဆုံးရှုံးနေရသလို ကုန်သွယ်မှုဆိုင်ရာ စာရင်းဇယား ကိန်းဂဏန်းအချက်အလက်တွေ မှားယွင်းပြီး ဆုံးဖြတ်ချက်တွေပါ မှားယွင်းနိုင်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီကုန်သွယ်မှု ဦးစီးဌာနရဲ့ အချက်အလက်တွေအရ အခုနှစ် ဇန်နဝါရီကနေ နိုဝင်ဘာလအထိ တရားမဝင်ကုန်သွယ်မှုကနေ ဖမ်းဆီးရမိတဲ့အမှုပေါင်း ၅၇၀၀ ကျော်ရှိနေပြီး ခန့်မှန်းတန်ဖိုး ကျပ် ၁၂၇ ဘီလီယံကျော် ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.