တိုကျို၊ ဒီဇင်ဘာ ၂၂

ဂျပန်နိုင်ငံရဲ့ ၁၉၁၀-၁၉၄၅ ခုနှစ်အတွင်းက တောင်ကိုရီးယားနိုင်ငံကို သိမ်းပိုက်ပြီး အတင်းအဓမ္မ အလုပ်ခိုင်းစေခံခဲ့ရသူတွေကို လျော်ကြေးပေးဖို့ ဂျပန်ကုမ္ပဏီ ၂ ခုကို တောင်ကိုရီးယား တရားရုံးချုပ်က စီရင်ချက်ချခဲ့ပေမယ့် ဂျပန်အစိုးရကတော့ ကန့်ကွက်ခဲ့ပါတယ်။

တောင်ကိုရီးယားတရားရုံးချုပ်က Mitsubishi Heavy Industries နဲ့ Nippon Steel ကော်ပိုရေး ရှင်းတို့ရဲ့ ၁၉၆၅ ခုနှစ်စာချုပ်ကို ချိုးဖောက်ခဲ့တဲ့အတွက် ကျူးလွန်ခံရသူနဲ့ ဆွေမျိုး တော်စပ် သူတွေကို လျော်ကြေးပေးဖို့ စီရင်ချက်အမိန့်ကို ချမှတ်ခဲ့တာပါ။

“ဒါဟာ ဂျပန်နဲ့ တောင်ကိုရီးယားတို့ တောင်းဆိုထားတဲ့ သဘောတူညီချက်ကို အတိအလင်း ချိုးဖောက်တာဖြစ်ပြီး အလွန်ဝမ်းနည်းစရာကောင်းပြီး လုံးဝလက်မခံနိုင်ပါဘူး” လို့ ဂျပန်အစိုးရ အတွင်းဝန်ချုပ် ယိုရှီမာဆာ ဟာယာရှိက ပြောခဲ့ပါတယ်။

Nippon Steel နဲ့ Mitsubishi Heavy Industries နှစ်ခုစလုံးကတော့ တောင်ကိုရီးယားတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို စိတ်မကောင်းဖွယ်ရာအဖြစ် ဆိုပြီး နှစ်နိုင်ငံကြား သဘောတူထားတဲ့ ၁၉၆၅  သဘောတူညီချက်အရ တောင်ကိုရီးယား အလုပ်သမားတွေရဲ့ ပြဿနာကို ဖြေရှင်းပြီးဖြစ်တယ် လို့လည်း ဆိုထားပါတယ်။

အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ စစ်ပွဲအတွင်း လိင်အလွဲသုံးစားပြုမှုဆိုင်ရာ အငြင်းပွားမှုတွေဟာ ဂျပန်နဲ့ တောင်ကိုရီးယားကြား ဆက်ဆံရေးကို အဖုအထစ်ဖြစ်နေစေခဲ့တာပါ။

ဂျပန်နဲ့ ဆက်ဆံရေးကို ပြန်လည်ပြုပြင်ဖို့ ကြိုးပမ်းရာမှာ ကွန်ဆာဗေးတစ် တောင်ကိုရီးယား သမ္မတ ယွန်းဆုခ်ယိုက အဓမ္မလုပ်အားပေးခိုင်စေခံရသူတွေကို တောင်ကိုရီးယား ပုဂ္ဂလိက ကဏ္ဍကုမ္ပဏီတွေရဲ့ ရန်ပုံငွေဖောင်ဒေးရှင်းကတဆင့် လျော်ကြေးပေးမယ်လို့ ပြီးခဲ့တဲ့ မတ်လက အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃-၁၄ ခုနှစ်တွေအတွင်း သီးခြားဖြစ်ပွားခဲ့တဲ့ အမှုနှစ်ခုမှာ Mitsubishi Heavy Industries နဲ့ Nippon Steel တို့အနေနဲ့ ကျူးလွန်ခံရသူ ဒါမှမဟုတ် ဆွေမျိုးတော်စပ်သူ ၁၁ ဦးအတွက် ဝမ် ၁ ဒသမ ၁၇ ဘီလျံ ပေးအပ်ဖို့ အမိန့်ပေးခဲ့တာဖြစ်ပါတယ်။

“တောင်ကိုရီးယားနဲ့ ဂျပန်တို့ကြား သံတမန်ရေးအရ အပေးအယူလုပ်ခြင်းက အဓမ္မလုပ်အား ပေးခိုင်းစေမှုကိစ္စကို ပြေပျောက်စေမယ့် အရေးပါတဲ့ ကိစ္စရပ်တစ်ခုပါပဲ” လို့ အဓမ္မလုပ်အား ပေးခံရသူတွေကို ကူညီပေးနေတဲ့ အဖွဲ့မှ ကင်မ်ရောင်ဝမ်က ပြောခဲ့ပါတယ်။

သေဆုံးသူတချို့ဟာ အဲဒီအချိန်က အသက် ၁၃ နှစ်နဲ့ ၁၄ နှစ်ကြား အရွယ်ဖြစ်ပြီး ၁၉၄၄ ခုနှစ်က လေယာဉ်စက်ရုံမှာ လုပ်ခလစာမရဘဲ တစ်ရက်ကို ၈ နာရီမှ ၁၀ နာရီအထိ အတင်းအကျပ်ခိုင်းစေ ခံခဲ့ရတာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

ဒေသတွင်းနိုင်ငံရေး စိုးရိမ်မှုတွေကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့ ရည်ရွယ်ပြီး ၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆိုလ်းမြို့မှာ အဆင့်မြင့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်ဖို့ စီစဉ်ထားချိန် တရားရုံးက စီရင်ချက်ချခဲ့တာ ဖြစ်ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.