စစ်တွေ၊ ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ ဖော်ထုတ်ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေး ဝါးကိစ္စအပေါ် စစ်ကောင်စီစွပ်စွဲချက်ဟာ မိမိတို့အဖွဲ့အစည်းနဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ ရက္ခိုင့်တပ်တော် AA က ငြင်းဆိုပါတယ်။

ဒီဇင်ဘာ ပထမပတ်နဲ့ ဒုတိယပတ်အတွင်း ငွေကျပ် ၅၁ ဒဿမ ၈၇ ဘီလီယံတန်ဖိုးရှိ အိုက်စ်နှစ်တန်ကျော်၊ ထိန်းချုပ်ဓာတုပစ္စည်းကဖီး ကီလို ၈၀၀ နဲ့အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ဖမ်းဆီးထားရာ AA အဖွဲ့က အရာရှိတွေ ပတ်သက်မှုရှိနေတယ်လို့ စစ်ကောင်စီက ဒီဇင်ဘာ ၁၈ ရက်နေ့မှာ စွပ်စွဲထုတ်ပြန်ထားတာပါ။

စွပ်စွဲချက်အရ AA အဖွဲ့က ဗိုလ်မှူးကြီးအဆင့်ရှိသူ ကျော်မြတ်ဦး (ခ)ဝေသာထွန်းဦးရဲ့ ဦးစီးစီမံခန့်ခွဲမှုနဲ့ မူးယစ်ဆေးဝါးတွေကို သယ်ဆောင်တာဖြစ်လို့ ဗိုလ်မှူးကြီးအဆင့်အပါအဝင် AA တပ်ဖွဲ့ဝင် ၇ ဦးကို စစ်ကောင်စီက သက်သေခံပစ္စည်းနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်တော် AA ကတော့ အရင်ကာလတွေမှာ စစ်ကောင်စီက စစ်ရေးအရ မယှဉ်နိုင်တဲ့အခါ တိုင်း အခုလိုမျိုး နိုင်ငံရေးညစ်လုံးတွေသုံးပြီး တိုက်ခိုက်ဖူးတဲ့ သာဓကရှိတာကြောင့် အခုစွပ်စွဲချက်ဟာ စစ်ကောင်စီလုပ်လေ့လုပ်ထရှိတဲ့ နိုင်ငံရေးညစ်လုံးတစ်ခုသာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

AA အဖွဲ့ဝင်လို့ စစ်ကောင်စီဘက်က စွပ်စွဲထားတဲ့ ၇ ဦးဟာ ဗိုလ်မှူးကြီး၊ ဗိုလ်၊ ဒုဗိုလ်၊ တပ်ကြပ်ကြီးနဲ့ တပ်သားအဆင့်ရှိသူတွေဖြစ်ပြီး သူတိုကို့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA တို့ဟာ နိုဝင်ဘာ ဒုတိယပတ်ကစပြီး ရခိုင်က မြို့နယ် ၁၄ ခု အ ပါအဝင် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီအခြေစိုက်ထားတဲ့ တပ်စခန်းပေါင်း ၁၄၀ ကျော်ကို AA က သိမ်းပိုက်ထားတာပါ။

လက်ရှိမှာတော့ စစ်ကောင်စီဟာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထိုးစစ်ကြောင့် ရှမ်းမြောက်နဲ့ရခိုင်မှာ တပ်စခန်းပေါင်း ၄၂၀ ကျော်အပါအဝင် မြောက်များစွာသော စစ်လက်နက်ပစ္စည်းတွေနဲ့အတူ ရှမ်းမြောက်က မြို့ ၇ မြို့ကို လက်လွှတ်ထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.