ရေး၊ ဒီဇင်ဘာ ၁၅
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးနိုင်ကောင်းရွက်နဲ့ ရေးမြို့ နယ်တောင်ပိုင်းရှိ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တို့ တွေ့ဆုံမှုမှာ စစ်ဆင်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ နှစ်ဖက်အဖွဲ့က ထုတ်ပြောလာပါတယ်။
နိုင်ကောင်းရွက်ဟာ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ တောင်ပိုင်းတိုင်းစစ်ဒေသ တာဝန်ရှိသူတွေ၊ မွန်ပြည်တော်လှန် ရေးတပ် – MSRF၊ ဒေါနစစ်ကြောင်း ၊ ABSDF တပ်ရင်း – ၁ ၊ ရေးပြောက်ကျားတပ် – YGF ၊ Ye Defence Force – YDF ၊ Mon State Revolutions Organization – MSRO ၊ Ye Air Force – YAF စတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လာရောက်တွေ့ဆုံခဲ့တာပါ။
တွေ့ဆုံမှုမှာ စစ်ဆင်ရေးကိစ္စရပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ဖွဲ့စည်းမှုဆိုင်ရာ ကိစ္စရပ်တွေ၊ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) ကိစ္စရပ်တွေကို ပြောကြားခဲ့ပြီး တော်လှန် ရေးရဲဘော်တွေဘက်က အခက်အခဲတွေ လိုအပ်ချက်တွေကို တင်ပြဆွေးနွေးခဲ့တာလို့ NUG ကာ ကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၄ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့MSRF သတင်းနဲ့ ပြန်ကြားရေးအရာရှိ ဗိုလ်ကြီးတလနိုင်ကလည်း ဒုကာဝန်နဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တို့ စစ်ဆင်ရေးကိစ္စတွေနဲ့ ခဲယမ်းလိုအပ်ချက် ကိစ္စတွေကို အဓိက ဆွေးနွေးဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကာကွယ်ရေးဝန်ကြီးဌာနက ဒုဝန်ကြီးနဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တွေ့တဲ့အခါကျတော့ ကျွန်တော်တို့ စစ်ဆင်ရေးကိစ္စတွေပဲ အဓိကဆွေးနွေးဖြစ်ပါတယ်။ ဒါပေမယ့် ဘာစစ်ဆင်ရေးကိစ္စတွေဘယ်လို ဆွေးနွေးသလဲဆိုတာကတော့ အသေးစိတ်ပြောလို့မရဘူး။ သေချာတာကတော့ ရှေ့လျှောက် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး၊ ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေ ကျွန်တော်တို့ ဆွေးနွေးဖြစ်တယ်။ လတ်တလော လိုအပ်ချက်တွေဖြစ်တဲ့ ခဲယမ်းကိစ္စတွေကို အဓိကဆွေးနွေးပြောဖြစ်ပါတယ်”လို့ ဆိုပါတယ်။
အခုလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ မွန် ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းရှိ မြေပြင်တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေဆီ လာရောက်တွေ့ဆုံမှုဟာ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။
ဒါကြောင့် စစ်ဆင်ရေးကိစ္စတွေ ပိုမိုလုပ်ဆောင်နိုင်ဖို့ အခွင့်အလမ်းတွေ လမ်းကြောင်းပွင့်သွားတဲ့ အခြေအနေဖြစ်ပြီး အာာဏာသိမ်းမှု ၃ နှစ်နီးပါးအတွင်း ရဲဘော်တွေရဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် လာရောက်အားပေးစကားပြောကြားတာဟာ စိတ်ခွန်အားတက်ကြွစေတယ်လို့ ဗိုလ်ကြီးတလနိုင်က ထောက်ပြပါတယ်။
တစ်ဖက်မှာတော့ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ အုပ်ချုပ်ရေးကော်မတီကလည်း မွန်ပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးအဖွဲ့အစည်း (၁၀) ဖွဲ့နဲ့တွေ့ဆုံပြီး စစ်ရေး၊ စစ်လက်နက်ပစ္စည်းနဲ့ မသက်ဆိုင်တဲ့ ကိစ္စရပ်တွေကို ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ဆွေးနွေးခဲ့ကြတာပါ။
ရိက္ခာကိစ္စ၊ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုကိစ္စ၊ ရှေးဦးသူနာပြုသင်တန်း၊ အခြားကျန်းမာရေးကိစ္စနဲ့ စစ်ဘေးသင့် ပြည်သူတွေကို လူသားချင်း စာနာမှုတွေပံ့ပိုးပေးရေး ကိစ္စရပ်တို့ကို နှစ်ဖက်ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲအတွင်း နိုင်ငံရဲ့ အရှေ့မြောက်ဒေသဖြစ်တဲ့ ရှမ်းမြောက်၊ အလယ်ပိုင်းဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းအပါအဝင် ချင်း၊ ကရင်နီ၊ရခိုင်၊ ပဲခူးတိုင်းနဲ့ ကရင်တို့မှာ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ ပြင်းထန်နေတာပါ။
နိုင်ငံတောင်ပိုင်းဒေသထဲက မွန်ပြည်နယ်မှာလည်း တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲလာနိုင်မယ့် အခြေအနေရှိတယ်လို့ စစ်ရေး၊ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ထားကြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ရေးမြို့တောင်ပိုင်းရှိ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေက စစ်အာ ဏာရှင်စနစ်နဲ့ အာဏာရှင်မှန်သမျှ အမြစ်ပြတ်ရေးအတွက် အဆုံးတိုင်တိုက်ပွဲဝင်သွားကြမယ်လို့ သစ္စာရေသောက် ကတိသစ္စာပြုထားခဲ့ကြတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MSRF