သထုံ၊ ဒီဇင်ဘာ ၁၅
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ သထုံခရိုင်အတွင်း စစ်ကောင် စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦး သေ ဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့က စစ်ကောင်စီရဲ့ အမှတ်(၃၁၄) အမြောက်တပ်ကနေ KNU သထုံခရိုင်အတွင်းရှိ ကျေးရွာတွေဖြစ်တဲ့ ရွှေရောင်ပြ၊ပန်းအောင်ကုန်းနဲ့ ဒေါက်ရပ်ကျေးရွာတွေထဲကို တစ်နေ့လုံးနီပါး လက်နက်ကြီးပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုအတွင်း အဝန်းကြီးကျေးရွာသား အသက် ၄၆ နှစ်အ ရွယ် စောလာအောဟာ ဦးခေါင်းနဲ့ခြေထောက်တွေမှာ ကျည်ထိမှန်ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာ နေ ရာမှာပဲ သေဆုံးခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွှေရောင်ပြကျေးရွာရှိ ဒေသခံနေအိမ် ၆ လုံး ပျက်စီးခဲ့ပြီး နွား ၃ ကောင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကလည်း ဘီးလင်းအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေရဲ့ လက်နက် ကြီး ပစ်ခတ်မှုကြောင့် ရွှေရောင်ပြကျေးရွာနေ အသက် ၇၀ အရွယ် ဦးဝင်းဖေဟာ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄ လုံးလည်း ထိခိုက်ပျက်စီးခဲ့တာပါ။
တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်ရဲ့ နေ့ရောညပါ လက်နက်ကြီး ပစ်ခတ်နေတဲ့အတွက် ရွှေရောင်ပြ၊ ဒေါက်ရပ်အပါအဝင် အနီးနားကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့နေထိုင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာထဲကို စစ်ကောင်စီရဲ့ အ မှတ်(၄၀၄) ခြေမြန်တပ်ရင်းကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU