သံဖြူဇရပ် – ဒီဇင်ဘာ ၁၉

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရဲ့ ဒုတိယဦးစီးမှူး ဦးအောင်ကိုကိုဟာ ဌာနတွင်းသတင်းတွေကို PDF တွေထံ ပေးပို့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးအမှုဖွင့်ခံထားရတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်မှာ နေထိုင်တဲ့ ဒုဦးစီးမှူး ဦးအောင်ကိုကို ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခဲ့တာပါ။

အဲဒီနောက် သံဖြူဇရပ်တပ်နယ် ဝဲကလိစစ်ကြောရေးမှာ ၃ ရက်ကြာ စစ်ဆေးပြီးနောက် ဒီဇင်ဘာ ၁၈ ရက်နေ့က သံဖြူဇရပ်မြို့မရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀(ည)အပြင် ၅၂ (က)တို့နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်သူတွေ အဆိုအရ ဒုဦးစီးမှူး ဦးအောင်ကိုကိုဟာ လက်ရှိဖမ်းဆီးခံထားရသူ တွေရဲ့ စစ်ဆေးချက်တွေအရ ဌာနအတွင်း ဖရဲသီးလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က သံဖြူဇရပ်မြို့ခံ ဦးမြသန်းကို သေနတ်တစ်လက်နဲ့အတူ ဖမ်းဆီးရပြီးနောက် စစ်ကောင်စီတပ်ကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ဆက်စပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဒေသခံ ၆၀ ထက်မနည်း ဖမ်းဆီးစစ်ဆေးနေတာပါ။

ဖမ်းဆီးခံထားရတဲ့သူတွေထဲမှာ ဦးမြသန်းနဲ့ ဦးမင်းမင်းတို့ဟာ စစ်ကောင်စီရဲ့ဝဲကလိစစ်ကြော ရေးမှာ သေဆုံးသွားပြီလို့ မိသားစုနဲ့နီးစပ်သူတွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။

စစ်ကောင်စီက စွဲဆိုထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မတွေအရ ဒုဦးစီးမှူး ဦးအောင်ကိုကိုဟာ ပြစ်မှုထင်ရှားပါက အများဆုံးပြစ်ဒဏ်ထောင်ဒဏ် တစ်သက်အထိ အမိန့်ချမှတ်ခံရနိုင်ပါတယ်။

သံဖြူဇရပ်မြို့ခံ ဦးမြသန်း ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ဟေမာန်ဆောက်လုပ်ရေးပစ္စည်းအရောင်းပိုင်ရှင် ကိုတရုတ်ရဲ့ နေအိမ်နဲ့ ဆိုင်အပါအဝင် ဒေသခံနေအိမ် ၅ လုံးထက်မနည်း ချိပ်ပိတ်ထားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်မှာ ဖမ်းဆီးခံရသူ ၈၀၀ ကျော်အထိ ရှိလာတယ်လို့ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.