ကျောက်ကြီး၊ ဒီဇင်ဘာ ၁၉

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ ကျောက်ကြီးမြို့နယ်ထဲကို အခုရက်ပိုင်းအ တွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ကျောက်ကြီးအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၂၆၄) ခြေလျင်တပ်ရင်းကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၄ ရက်အတွင်း အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေထဲကို လက်နက်ကြီးအလုံး ၇၀ ထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒီဇင်ဘာ ၁၃ ရက်နေ့က ကြိတ်ကွင်းကျေးရွာနေ နော်သန်းအေး၊ အလယ်ကျေးရွာနေ တီးဖိုးစစ်နဲ့ ဒေဝတို့ ကျည်ထိမှန်သေဆုံးခဲ့ပြီး အသက် ၈ နှစ်အရွယ် ကလေးငယ် နော်ထီးခူးအပါအဝင် အရပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် တောင်းခင်းကျေးရွာနေ တီးဗိုလ်ဖိုးကူးဒဏ်ရာရရှိခဲ့ပြီး ပြည်သူပိုင်နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့တို့မှာလည်း ကျောက်ကြီးမြို့နယ် ကော်သာစေး၊ စွယ်တိန်၊ ပဒဲကော၊ တောင်ခင်း၊ ချူံအင်း၊ ဖိုးတ၊ သမင်အင်းကုန်းကျေးရွာတွေကို လက်နက်ကြီး အလုံး ၂၀ ကျော် ထပ်မံပစ်ခတ်ခဲ့ပေမယ့် ထိခိုက်တာမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာ၊ နေရပ်စွန့်ခွာ ထွက် ပြေးတိမ်းရှောင်မှု မြင့်တက်လာတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

KNU ရဲ့ ထုတ်ပြန်ချက်တွေအရ ညောင်လေးပင်ခရိုင်တစ်ခုတည်းမှာပဲ စစ်ကောင်စီတပ်ရဲ့ လက် နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်ဒုက္ခသည် နှစ်သိန်းကျော်အထိ ရှိလာပြီး လူ သားချင်းစာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.