လျှပ်စစ်မီတာခ စံချိန်တင်ဈေးနှုန်းကြီးမြင့်မှုကြောင့် ရေးဒေသခံတွေအခက်ကြုံ

0
41

ရေး၊ ဒီဇင်ဘာ ၁၉

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း လာမယ့်ဇန်နဝါရီ ၁ ရက်နေ့ကစပြီး လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၂၀၀၀ အထိ ထပ်မံတိုးမြှင့်ကောက်ခံမယ်လို့ ကြေညာမှုကြောင့် အခက်ကြုံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အစိုးရလျှပ်စစ်မီးမရရှိသေးတဲ့ ရေးဒေသတွေကို ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ကုမ္ပဏီတွေက လျှပ်စစ်မီးဖြန့်ဝေပေးနေတာဖြစ်ပြီး အာဏာသိမ်းကာလအတွင်း တရွေ့ရွေ့ဈေးနှုန်းမြင့်တက်လာရာကနေ တစ်ယူနစ် ကျပ် ၁၈၀၀ အထိ ပေးသုံးခဲ့ရတာပါ။

ဒါပေမဲ့ ကုမ္ပဏီတွေဘက်က စက်သုံးဆီဈေးနှုန်းကြီးမြင့်လာတာ၊ ဝယ်ယူဖို့ ခက်ခဲလာတဲ့ အခြေအ နေကြောင့် တစ်ယူနစ် ကျပ် ၂၀၀၀ အထိ တိုးမြှင့်ကောက်ခံသွားမယ်လို့ ဒီဇင်ဘာဒုတိယအပတ်အတွင်း အသိပေးထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ရေးဒေသခံတစ်ဦးက နယ်မြေမတည်ငြိမ်မှုကြောင့် မိသားစုဝမ်းရေးအတွက် ခက်ခဲနေတဲ့အချိန်မှာ လျှပ်စစ်မီတာခပါ ထပ်မံမြင့်တက်လာတဲ့အတွက် လျှပ်စစ်မီးသုံးစွဲမှု လုံးဝလျှော့ချရမယ့် အခြေအ နေဖြစ်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

လျှပ်စစ်မီတာခဈေးနှုန်း ထပ်မံမြင့်တက်လာတာကြောင့် အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းတွေမှာပါ ထိခိုက်မှုတွေရှိလာပြီး လုပ်ငန်းတချို့ ရပ်နားရမယ့်အခြေအနေနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။

အသေးစားလုပ်ငန်းရှင်တစ်ဦးကလည်း လျှပ်စစ်မီတာဈေးနှုန်းကြီးမြင့်မှုကြောင့် လုပ်ငန်းတွေ တွက်ခြေမကိုက်တော့သလို တချို့လုပ်ငန်းတွေဆိုရင် ရပ်နားတာတွေ ရှိလာတယ်လို့ ပြောပါတယ်။

ရေးမြို့နယ်မှာ လျှပ်စစ်မီးတွေကို ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ကုမ္ပဏီတွေဖြစ်တဲ့ မြတ်သူရထွန်းအပါအဝင် ကုမ္ပဏီ ၃ ခုက ဖြန့်ဝေပေးနေတာဖြစ်ပြီး စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကြောင့် အလှည့်ကျစနစ်နဲ့ မီးပေးခဲ့တာပါ။

ဒါပေမယ့် ဒီဇင်ဘာ ၁၆ ရက်နေ့ကစပြီး လျှပ်စစ်မီးတွေကို ၂၄ နှစ်အချိန်ပြည့် လျှပ်စစ်မီးဖြန့်ဝေပေးသွားမယ်လို့ SMD ကုမ္ပဏီဘက်က အသိပေးထားတာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်ဟာ စစ်တပ်အာဏာသိမ်းမသိမ်းခင်က လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၆၀၀ ပေးဆောင်ခဲ့ရပြီး အာဏာသိမ်းကာလအတွင်းမှာ လျှပ်စစ်မီတာခဈေးနှုန်း ၃ ဆနီးပါးမြင့်တက်လာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

ပုံစာအညွှန်း- ရေးမြို့နယ်အတွင်း လျှပ်စစ်မီးပြတ်လပ်မှုကြောင့် ဒေသခံပြည်သူတွေ မီးစက်တွေ အလုအယက် ဝယ်ယူစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.