မော်လမြိုင် – ဒီဇင်ဘာ ၁၁
မွန်ပြည်နယ်၊မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက် လမုတန်း စျေးအနီးမျာ ခွင့်ပြုချက်မရှိဘဲ စက်သုံးဆီရောင်းချတဲ့ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ရေနံနဲ့ ရေနံထွက်ပစ္စည်း ဆိုင်ရာ ဥပဒေ နဲ့ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းတွေမှာဖော်ပြထားပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး နေအိမ်မှာဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။
စစ်ကဲကုန်းရပ်ကွက်မှာ နေတဲ့ အသက် ၃၀ကျော်အရွယ်ရှိသူ မအေးဒါလှိုင်ဆိုသူဟာ Facebook လူမှုကွန်ရက်စာမျက်နှာမှာ သူမရဲ့ဖုန်းနံပါတ်နဲ့အတူ စက်သုံးဆီဝယ်ယူလိုပါက ဆက်သွယ်နိုင်တယ်လို့ ရေးသားဖြန့်ဝေထားတာဖြစ်တယ်လို့ သိရပါတယ်။
သူမကိုဖမ်းဆီးပြီးနောက် စစ်ဆေးချိန်မှာတော့ ခွင့်ပြုချက်မရှိဘဲ ဓာတ်ဆီတွေကို သိုလှောင်တာ၊ ကာလပေါက်စျေးထက် ကျော်လွန်ဖြန့်ဖြူးရောင်းချတာတွေကြောင့် စစ်ကဲကုန်းနယ်မြေရဲစခန်း က (ပ)၁၀၄.၂၀၂၃၊ရေနံနဲ့ ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
လက်တလောမှာတော့ မြန်မာပြည်တဝန်းမှာ စက်သုံးဆီပျက်လပ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ပြည်သူတွေဟာ ဓာတ်ဆီဆိုင်တွေမှာ ညလုံးပေါက်တန်းဆီးနေရတာဖြစ်ပါတယ်။
စစ်ကောင်စီကတော့ စက်သုံးဆီတွေ စျေးတင်ရောင်းချတာနဲ့ တရားမဝင်သိုလှောင်ဖြန့်ဖြူး ရောင်းချတာတွေကို အရေးယူဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားပြီး လက်တလော ဖမ်းဆီးခံခဲ့ရတဲ့ မအေးဒါလှိုင်ဆိုသူက မွန်ပြည်နယ်အတွင်း ပထမဆုံးဖမ်းဆီးခံရသူဖြစ်တယ်လို့ သိရပါတယ်။
သတင်း/ဓာတ်ပုံ- သံလွင်တိုင်းမ်