လွိုက်ကော် – ဒီဇင်ဘာ ၁၁
ကရင်နီပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးအပါအဝင် လွိုင်ကော်မြို့ပေါ်က စစ်ကောင်စီတပ်စခန်း ၂၀ ကျော် အထိ တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ KNPP ပြောရေးဆိုခွင့်ရှိသူက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်မှာ ရှိတဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF၊ ကရင်နီတပ်မတော် KA၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ကရင်နီ လူမျိုးပေါင်စုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF တို့ပူးပေါင်းတိုက်ခိုက်သိမ်းပိုက် ထားတာပါ။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများခဲ့သလို လက်နက်ခဲယမ်းတွေအပြင် ရဲတပ်ဖွဲ့သုံး ပစ္စည်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ KNPP ပြောရေး ဆိုခွင့်ရှိသူက ပြောပါတယ်။
ကရင်နီပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ စစ်ကောင်စီတပ်သား ၄၀ လောက်အထိုင်ချတပ်စွဲထားတာဖြစ်ပြီး မြို့ပေါ်မှာကျန်နေတဲ့ စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းတစ်ခုလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း လွိုင်ကော်တက္ကသိုလ်နဲ့ မြို့နယ်စုပေါင်းစုံးတွေအပါအဝင် စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိခဲ့တာပါ။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီဟာ လွိုင်ကော်မြို့ပေါ်က ကက်သလစ်ခရစ်ယာန်ဘုရားကျောင်း၊ လွိုင်ကော်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နဲ့ တပ်ရင်း ၅၄ ပါအဝင် နေရာတချို့မှာ ခံစစ်အနေအထားနဲ့ ရှိနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ကရင်နီပြည်နယ်တစ်ခုလုံးမှာ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်စခန်းပေါင်း ၃၀ ကျော်ကို သိမ်းပိုက်ထားပြီး လက်နက်ချ အညံ့ခံသွားတဲ့ တပ်စခန်းတွေလည်းရှိနေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Zaw ye htet (ကရင်နီပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကိုတော်လှန်ရေးတပ်တွေသိမ်းပိုက်ထားစဉ်)