ကာဘူ၊ ဒီဇင်ဘာ ၁၂
ပါကစ္စတန်ကနေ နယ်စပ်ဖြတ်ကျော်လာတဲ့ အာဖဂန်တွေဟာ ပြင်းထန်လာတဲ့ ဆောင်းရာသီမှာ လုံလောက်တဲ့ အမိုးအကာမရရင် အသက်သေဆုံးနိုင်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက သတိပေးခဲ့ပါတယ်။
ပါကစ္စတန်အစိုးရက နိုင်ငံအတွင်း တရားမဝင်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးကာ ပြည်နှင်ဒဏ်ပေးခဲ့တာကြောင့် အောက်တိုဘာလအစောပိုင်းကတည်းက အာဖဂန်နိုင်ငံသား တစ်သန်းခွဲနီးပါး ထွက်ခွာခဲ့ရတာပါ။
သူတို့ထဲက အများစုဟာ အိမ်နီးချင်း အာဖဂန်နစ္စတန်မှ ဖြစ်ကြပေမယ့်လည်း အဲဒီမူဝါဒဟာ လူမျိုးစုတွေကို သီးခြားပစ်မှတ်ထားတာမရှိဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
အခုလို အတင်းအကျပ် ပြန်ပို့ဆောင်တာဟာ ကျန်းမာရေးစောင့်ရှောက်မှုလို မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ပံ့ပိုးပေးနေတဲ့ အာဖဂန်နစ္စတန်အစိုးရနဲ့ အကူအညီပေးရေးအေဂျင်စီတွေအပေါ် ဖိအားတွေ တိုးလာနေခဲ့တာလည်း ဖြစ်ပါတယ်။
“အမိုးအကာမရှိရင် အခုလို ပြင်းထန်တဲ့ဆောင်းရာသီမှာ အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် အာဖဂန် ပြန်လာသူအများစုဟာ အသက်ဆုံးရှုံးနိုင်တဲ့ အန္တရာယ်ရှိတယ်။ နယ်စပ်ကို ရောက်လာတဲ့လူတွေ ပင်ပန်းနွမ်း နယ်နေပြီး အရေးပေါ်အကူအညီနဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေလည်း လိုအပ်နေပါတယ်” လို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်ရဲ့ ဒီဇင်ဘာ ၈ ရက်နေ့ထုတ်ပြန် အစီရင်ခံစာမှာ ဆိုထားပါတယ်။
အချို့သောဒေသတွေ အထူးသဖြင့် တောင်တန်းဒေသတွေမှာ အေးခဲတဲ့ ဆောင်းရာသီကြောင့် သူတို့အိမ်သို့ ချက်ချင်းမပြန်နိုင်တော့မှာကို စိုးရိမ်မိကြောင်း မိသားစုတွေက အေဂျင်စီသို့ ပြောခဲ့ပါတယ်။
“လူအတော်တော်များများက အေးတဲ့ရာသီဥတုနဲ့ ပါကစ္စတန်ကနေ ခက်ခဲတဲ့ခရီးကြောင့် ဖျားနာတာ၊ ဥပမာ လည်ချောင်းနာဝေဒနာ ခံစားရပြီး ပါကစ္စတန်ကနေ ခက်ခဲတဲ့ခရီးစဉ်တွေနဲ့ ရောက်လာကြတယ်”လို့ အေဂျင်စီက အေပီသတင်းဌာနသို့ ပြောဆိုခဲ့ပါတယ်။
အာဖဂန်နစ္စတန်ကို ပြန်လာသူတွေထဲ အဲဒီနိုင်ငံအတွင်း တစ်ခါမှ မနေထိုင်ဖူးတဲ့ မိသားစုတွေ ပါဝင်တယ်လို့ ဆိုပြီး သူတို့တွေဟာ ပါကစ္စတန်မှာ မျိုးဆက်တစ်ဆက် ဒါမှမဟုတ် တစ်ခုထက်ပိုပြီး နေထိုင်လာခဲ့တာကြောင့် နေအိမ် ဒါမှမဟုတ် မိသားစုတွေဆီ ပြန်သွားဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။
အဓိကနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှစ်ခုဖြစ်တဲ့ တော့ခ်ခမ်းနဲ့ စပင်ဘိုဒက်ချ်တို့မှာ တာလီဘန်ရဲ့ ကော်မတီက အစားအစာ၊ ရေ၊ ဆင်းမ်ကတ်တွေ၊ အဝတ်အထည်တွေနဲ့ ငွေသားတွေကို ကူညီပေးနေတယ်လို့ လည်း သိရပါတယ်။
အာဖဂန်မိသားစုတွေဟာ အစ္စလာမ့်စနစ်၊ ယာယီနေထိုင်ရေးအစီအစဉ်တွေ၊ မှတ်ပုံတင်ခြင်းနဲ့ နေရာရွှေ့ပြောင်း ခြင်းကိစ္စရပ်တွေကို လေ့လာနေကြဆဲလို့ ကော်မတီက ဒီဇင်ဘာ ၁၁ ရက်နေ့က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း အပူချိန်လွန်ကဲတာ၊ သန့်ရှင်းသောရေနဲ့ မိလ္လာကို အကန့်အသတ်နဲ့သာ သုံးစွဲရတာကြောင့် ကူးစက်ရောဂါတွေနဲ့ အာဟာရချို့တဲ့မှုတွေ ပိုဆိုးဝါးလာစေပါတယ်။
ဒါ့အပြင်ဖဂန်အမျိုးသမီးတွေဟာ အမျိုးတော်စပ်သူတွေမရှိရင်လည်း သွားလာလှုပ်ရှားမှု၊ သတင်းအချက်အလက်နဲ့ ဝန်ဆောင်မှုတွေ ရရှိဖို့ တာလီဘန်တို့ရဲ့ကန့်သတ်ချက်တွေကိုလည်း ရင်ဆိုင်ရမှာဖြစ်တာကြောင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအတွက် နောက်ထပ်စိန်ခေါ်မှုတွေ ရှိနေကြောင်း ကုလအမျိုးသမီး အဖွဲ့က ပြောကြားခဲ့ပါတယ်။
Ref: CNA