ဘီးလင်း၊ ဒီဇင်ဘာ ၇
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းနဲ့ကော့ကဒွတ်ကျေးရွာအကြား သံတံတားမှာ ဆိုင်ကယ်တွေကို ဖမ်းဆီးပြီးငွေညှစ်နေတဲ့ ရဲနဲ့ယာဉ်ထိန်းရဲတွေ တိုက်ခိုက်ခံရတာကြောင့် ၃ ဦး သေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်နယ် ပကဖထံကနေ သိရပါတယ်။
ဒီဇင်ဘာ ၅ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်မှာ သံတံတားအနီး ဆိုင်ကယ်တွေလာရောက်စစ်ဆေးပြီး ဖမ်းဆီးလေ့ရှိတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်နဲ့ ယာဉ်ထိန်းရဲတွေကို တော်လှန်ရေးအင်အားစုတွေက မိုင်းထောင်တိုက်ခိုက်ခဲ့တာပါ။
အဲဒီရဲတွေနဲ့ ယာဉ်ထိန်းရဲတွေဟာ သံတံတားအနီးမှာ အမြဲလိုလိုဆိုင်ကယ်တွေကို လာရောက်ဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်မှုတွေ လုပ်ဆောင်နေတဲ့အတွက် စစ်ရေးပစ်မှတ်သတ်မှတ်ကာ တိုက်ခိုက်ခဲ့တာလို့ မွန်ပြည်နယ်ပကဖ ဒုတာဝန်ခံ ကိုစောထူးအောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ ရဲတပ်ဖွဲ့ဘက်က ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ခရီးသွားပြည်သူတွေ နောက်ကြောင်းပြန်လှည့်တာနဲ့ မော်တော်ယာဉ်တချို့ အချိန်တစ်နာရီနီးပါးအကြာ ပိတ်မိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ဒေသခံတွေအဆိုအရ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ ယာဉ်ထိန်းရဲ ၄ ဦးထက်မနည်း လဲကျသွားတာတွေ့ရပေမယ့် သေဆုံးမှုအခြေအနေ အသေးစိတ်ကိုတော့ မသိရဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် ဝင်းကကျေးရွာ ကားလမ်းဘေးက အရက်ဆိုင်မှာ အရက်လာသောက်တဲ့ ဝင်းကရဲစခန်းက ရဲတပ်သားတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးထားပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ မြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်ဆိုတဲ့ သတင်းတွေကြောင့် ဘီးလင်းမြို့ နယ်မှာ စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ထားသလို ရဲစခန်းနဲ့သက်ဆိုင်ရာဝန်ထမ်းအိမ်ရာတွေရှိ ဝန်ထမ်းမိသားစုတွေကလည်း မြို့တွင်းပြောင်းရွှေ့နေထိုင်တာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ