ရွှေကျင်၊ ဒီဇင်ဘာ ၆

ကရင်အမျိူးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ ရွှေကျင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ တစ်လအတွင်း အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၃၀,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုရဲ့ သတင်းထုတ်ပြန်ချက်ကနေ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ KNU ညောင်လေးပင်ခရိုင်အတွင်းရှိ ရွှေကျင်မြို့နယ်ထဲက စစ်ကောင်စီအခြေစိုက် တပ်စခန်းတွေကနေ ကျေးရွာတွေထဲကို လက်နက်ကြီး ၁၂၀ မမ ၁၂၂ မမ ၁၅၅ မမ ၈၁ မမ စတဲ့ လက်နက်ကြီးတွေနဲ့ အကြိမ်ပေါင်း ၂၅ ကြိမ်၊ အလုံးပေါင်း ၈၆ လုံး ပစ်ခတ်ခဲ့တာပါ။

ဒီလိုလက်နက်ကြီးပစ်ခတ်မှုကြောင့် ထောလူခို၊ ဝိုင်ကျွန်း၊ ရေဖြူကန်၊ ပျဉ်ရေ၊ ဂွေးကုန်း၊ ကောက်မယ့်သူ၊ ချုံအင်း၊ ချောင်းဝ၊ ကွင်းဒလကြီး၊ ဝိုင်သစ်ဆိပ်၊ ပျဉ်ရေကြီး၊ သက်ကယ်ကုန်း၊ အင်းဗလာ၊ ကွီးစယ်လော်အပါအဝင် ကျေးရွာ ၁၉ ရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ချောင်းဝကျေးရွာက အသက် ၅၂ နှစ်ရှိ အမျိုး သား ၁ ဦး ကျည်စထိမှန်သေဆုံးခဲ့ပြီး လက်နက်ကြီးကျရောက် ပေါက်ကွဲ တုန်ခါမှုကြောင့် ဝိုင်သစ်ဆိပ်ကျေးရွာက အသက် ၅၄ နှစ်ရှိ အမျိုးသမီး ၁ ဦး နှလုံးရပ်သေဆုံးခဲ့ကာ ဂွေးကုန်းကျေးရွာက အ သက် ၇ နှစ် ကလေး ၁ ဦးအပါအဝင် အရပ်သား ၃ ဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် နေအိမ် ၁၀ လုံး၊ ဆိုင်ကယ် ၁ စီးနဲ့ အင်ဂျင်စက် ၁ လုံး ပျက်စီးခဲ့ရသလို ကလောသို့ခီး၊ ထီးခေးလော်၊ ထိုခေးပူ၊ ဝါးတောကြီးနဲ့ ကျောက်တန်း စတဲ့ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ၉ ကြိမ်ပစ်ခတ်ခဲ့ပြီး အသက် ၆၅ နှစ်ရှိ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ရွှေကျင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူတွေအပေါ် ဖမ်းဆီးမှုတွေလုပ်ဆောင်နေသလို ဒေသခံပြည်သူတွေဆီကနေ ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတယ်လို့လည်း KNU က ထုတ်ပြန်ပြောဆိုထားပါတယ်။

KNU ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်ချိုးဖောက်မှုတွေကြာင့် ကျေးရွာပေါင်း ၃၁ ရွာက ဒေသခံအရပ်သား ၂၉၈၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.