မော်လမြိုင်၊ ဒီဇင်ဘာ ၆

မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားတယ်လို့ ပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒရုန်းဖျက်စနစ် အများအပြားတပ်ဆင်ထားတဲ့ မော်လမြိုင်မြို့ ရခိုင်ကုန်းရပ်ကွက်ရှိ ရတခစစ်ဌာနချုပ်ကို ဒီဇင်ဘာ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်မှာ တော်လှန် ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက အခုလအတွင်း ဒုတိယအကြိမ် ဒရုန်းနဲ့ထပ်မံတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း လက်နက်ကြီးဗုံးသီးတစ်လုံးဟာ တိုင်းမှူးအိမ်အနီး ရဟတ်ယာဉ်ကွင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေ အသေးစိတ်ကိုတော့ သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ရတခစစ်ဌာနချုပ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက် ည ၉ နာရီခွဲအချိန်ခန့်မှာလည်း ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ (Alpha bats တပ်ခွဲ)နဲ့ မွန်ပြည်နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ပကဖ၊ KNDO တပ်ရင်း(၆) ပူးပေါင်းအဖွဲ့ တွေက ဒရုန်းနဲ့တိုက်ခိုက်ထားတာ ဖြစ်ပါတယ်။

မွန်ပြည်နယ် ပကဖဒုတာဝန်ခံ ကိုစောထူးအောင်ကတော့ ရတခဌာနချုပ်ကို နည်းလမ်းပေါင်းစုံသုံးပြီး ပြင်းထန်တဲ့တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားဖို့ရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးအထူးသတိရှိကြဖို့ တိုက်တွန်းပါတယ်။

ရတခစစ်ဌာနချုပ်ဟာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ရဲ့ ကာကွယ်ရေး၊ လုံခြုံရေးနဲ့စစ်ဆင်ရေးဆိုင် ရာကိစ္စရပ်တွေကို အဓိကတာဝန်ယူဆောင်ရွက်နေရတဲ့ စစ်ကောင် စီရဲ့ စစ်ဌာနချုပ်တစ်ခုဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ ကော့ကရိတ်နဲ့ကြာအင်းဆိပ်ကြီးတိုက်ပွဲတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ စတင်တဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ရတခစစ်ဌာနချုပ် ခပ်စိပ်စိပ်တိုက်ခိုက်ခံနေရတာကြောင့် စစ်ကောင်စီရဲ့ မုဒုံဗျူဟာကနေ ကျိုက်မရောမြို့နယ်ရှိ ကျေးရွာထဲတွေကို နေ့ရောညပါ လက်နက်ကြီး ပစ်ခတ်နေတာတွေ လုပ်ဆောင်နေတဲ့အတွက် ဒေသခံပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတာပါ။

လက်ရှိမှာလည်း စစ်ကောင်စီဟာ ရတခစစ်ဌာနချုပ်ထံ ဝင်ရောက်နိုင်တဲ့ ကျိုက်မရော၊ မုဒုံနဲ့မော်လမြိုင်မြို့နယ်တို့မှာ လုံခြုံရေးတိုးမြှင့်ထားသလို မြို့အဝင်အထွက်နေရာတွေမှာလည်း ပိတ်ဆို့စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Google

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.