ပလက်၀ ၊ ဒီဇင်ဘာ ၅

ချင်းပြည်နယ်၊ ပလက်၀မြို့ရှိ စစ်ကောင်စီရဲ့ တရွန်အိုင်ဗျူဟာစခန်းကုန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်မတော် (AA)က ဒီနေ့ ဒီဇင်ဘာ ၅ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ရေးအရ အရေးပါတဲ့ တရွန်အိုင်ဗျူဟာစခန်းကုန်းကြီးတစ်ခုလုံးကို မနေ့ ဒီဇင်ဘာ ၄ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ AA တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲ့ဒီစခန်းကုန်းတိုက်ပွဲကို ပြီခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ကတည်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ဆင်ရေး သုံးပတ်ခန့်အကြာမှာ ရက္ခိုင့်တပ်မတော် (AA) က စခန်းကုန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

တရွန်အိုင်ဗျူဟာ စခန်းကုန်းမှာ ရဟတ်ယာဉ်ကွင်း ၂ ကွင်းပါရှိတဲ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးအပြင် ဓာတုဓာတ်ငွေ့ပါတဲ့ ဗုံးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတဲ့ကြားက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက် သေဆုံးမှုရှိအခြေအနေကို ဖော်ပြထားခြင်းမရှိပေမယ့် ရန်သူ့အလောင်း၊ လက် နက်ခဲယမ်းနဲ့ စစ်အသုံး‌‌အဆောင် ပစ္စည်းတွေကို သိမ်း ဆည်းရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရက္ခိုင့်တပ်မတော်အနေနဲ့ နောက်ထပ်ကျန်ရှိနေတဲ့ နှုံးဘူးဗျူဟာကုန်းကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါအပြင် ရက္ခိုင့်တပ်မတော်မှ တိုက်ခိုက်သိမ်းယူထားတဲ့ စခန်းတွေနဲ့ ရန်သူဘက်မှ စွန့်လွှတ်လို့ သိမ်းယူထားတဲ့ စခန်း‌တွေအပြင် နောက်ထပ်သိမ်းယူမယ့် စခန်းတွေကို ကာကွယ်ရှောက်စောင့်ဖို့အတွက် ရက္ခိုင့် တိုင်းပြည်အပေါ်အမှန်တကယ်ချစ်မြတ်နိုးတဲ့ “Defenders Of Our Fatherland” အာရက္ခ စစ်သည်သစ်တွေ လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA Info Desk

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.