ပလက်၀၊ ဒီဇင်ဘာ ၆
ချင်းပြည်နယ်၊ ပလက်၀မြို့ရှိ တရွန်အိုင်ဗျူဟာ စခန်းကုန်းကို AA ကသိမ်းပိုက်ပြီးနောက် ကျန်ရှိနေတဲ့ နှုံးဘူးဗျူဟာ စခန်းကုန်းကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဒီနေ့ နေ့လည်ပိုင်းမှာ AA က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ တရွန်အိုင်ဗျူဟာ စခန်းကုန်းကို သိမ်းပိုက်ပြီးနောက် တစ်ဆက်တည်းမှာပဲ ကျန်ရှိနေတဲ့ နှုံးဘူးဗျူဟာကုန်းကို ဒီနေ့ ဒီဇင်ဘာ ၆ ရက်နေ့မှာ ၂၃ ရက်မြောက် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်ကလည်း ကျန်ရှိနေတဲ့ စခန်းကုန်းတစ်ခု လက်မလွှတ်ရဖို့ ဒီနေ့ မနက် ၈ နာရီခွဲ အချိန်ခန့်မှစပြီး ဂျက်လေယာဉ် နဲ့ လက်နက်ကြီး ပစ်ကူအများအပြားနဲ့ ခုခံနေတဲ့အပြင် ရက္ခိုင့်တပ်မတော် AA ကလည်း ဗျူဟာကုန်း သိမ်းယူနိုင်ရေးအတွက် အရှိန်အဟုန်မြင့် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA Info Desk