ပေကျင်း၊ ဒီဇင်ဘာ ၇
တရုတ်နဲ့ မက္ကဆီကိုတို့ရဲ့ ပူးပေါင်းမှုဟာ ဖွံ့ဖြိုးတိုးတက်ဖို့ အကောင်းဆုံးအခင်းအကျင်းဖြစ်တယ်လို့ မက္ကဆီကိုနိုင်ငံသို့ ရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်းအိုတစ်စ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အပျက်အစီးတွေ ပြန်လည်တည်ဆောက်ရာမှာ ကူညီခဲ့တဲ့ တရုတ်နိုင်ငံကို မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးကလည်း ကျေးဇူးတင်တယ်လို့ ဆိုခဲ့တာပါ။
အဲဒီမုန်တိုင်းကြောင့် ထိခိုက်သွားတဲ့ မက္ကဆီကို မိသားစုတွေအတွက် တရုတ်အစိုးရက အိမ်သုံးပစ္စည်းတွေ ဝယ်ပေးခဲ့တယ်လို့ မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စီးပွားရေး၊ကုန်သွယ်မှု၊ယဉ်ကျေးမှုနဲ့ တခြားနယ်ပယ်တွေမှာ ဘက်စုံဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သင့်တယ်လို့ မစ္စတာဝမ်ရီက ဆိုပါတယ်။
အစိုးရနှစ်ရပ်လုံးကတော့ အောက်တိုဘာလမှာ မက္ကဆီကို ကိုယ်စားလှယ်အဖွဲ့က တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်မှုရဲ့ အရေးပါမှုကို အလေးပေးဖော်ပြခဲ့ပြီး အဲဒီခရီးစဉ်ကတဆင့် fentanyl အပါအဝင် ဓာတုဆေးဝါးတွေ ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ တစ်ခု တည်ထောင်နိုင်ခဲ့တယ်လို့ မက္ကဆီကိုက ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့ကလည်း အသက်အန္တရာယ်ရှိစေတဲ့ အကိုက်အခဲ ပျောက်ဆေး fentanyl ဓာတုကုန်စည် စီးဆင်းမှုကို တားဆီးဖို့ မက္ကဆီကိုနဲ့ တရုတ်တို့ရဲ့ ပူးပေါင်းမှုကို ထောက်ခံထားတယ်လို့ သိရပါတယ်။
မက္ကဆီကိုဟာ လက်တင်အမေရိကန်၊ကာရေဘီယမ်ရှိနိုင်ငံတွေနဲ့ တရုတ်ကြား အတုယောင် သဘောဆောင်တဲ့ နီးစပ်တဲ့ ဆက်ဆံရေးတွေကို အမှန်တကယ်ပြုလုပ်နိုင်တာလည်းဖြစ်ပါတယ်။
တရုတ်နဲ့မက္ကဆီကို ခေါင်းဆောင်တွေဟာ APEC ထိပ်သီးဆွေးနွေးပွဲရဲ့ ဘေးထွက်အစည်းအဝေးမှာ တွေ့ဆုံခဲ့ကြပြီး ၂ နှစ်အကြာ တရားမဝင်ဆေးဝါးကုန်သွယ်မှုကို တိုက်ဖျက်ဖို့နဲ့ ကုန်သွယ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဖို့ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
Ref:Reuters