နေပြည်တော်၊ ဒီဇင်ဘာ ၆

နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ပြေးတွေ၊ စစ်မှုထမ်းဟောင်းတွေနဲ့ ဆေးခွင့်ကျထားတဲ့သူတွေကိုပါ ပြန်လည်လက်ခံနေရတဲ့အထိ စစ်ကောင်စီတပ်က အင်အားချိနဲ့လာနေပါတယ်။

စစ်တပ်ကနေ ထွက်ပြေးသွားတဲ့ တပ်ဖွဲ့ဝင်တွေကို ပြင်းပြင်းထန်ထန် အရေးယူလေ့ရှိတဲ့ စစ်ကောင်စီတပ်ဟာ စစ်တပ်မှာတာဝန်ထမ်းဆောင်လိုတဲ့ စစ်ပြေးတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး နီးစပ်ရာတပ်တွေမှာ ပြန်လည်လက်ခံသွားမယ်လို့ ဒီဇင်ဘာ ၃ ရက်နေ့မှာ ကြေညာပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့ အရှေ့ပိုင်းမှာ ခွင့်မဲ့ပျက်ကွက်ကြေညာခံထားရသူတွေ တပ်မှာစစ်မှုထမ်းဖို့ ရည် ရွယ်ချက်နဲ့ ပြန်လာရင် စစ်ပြေးမှုအဖြစ် မသတ်မှတ်ဘဲ ခွင့်မဲ့ပျက်ကွက်မှုသာ သတ်မှတ်ပြီး စစ်သည်တွေကို စစ်မှုထမ်းဖို့လက်ခံသွားမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

စစ်တပ်အက်ဥပဒေအရ စစ်ပြေးမှုနဲ့အားပေးကူညီမှုတွေအတွက် ပုဒ်မ ၃၇ နဲ့ ခွင့်မဲ့ပျက်ကွက်မှုအ တွက် ပုဒ်မ ၃၈ တို့ကို ပြဋ္ဌာန်းထားပြီး ပြစ်မှုအလိုက် အနည်းဆုံး ထောင်ဒဏ် ၂ နှစ်ကနေ ထောင် ဒဏ် ၇ နှစ်အထိ ချမှတ်အရေးယူနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော်ကတော့ ဒီအခြေအနေဟာ စစ်တပ်မှာ အရေ အတွက်အရရော အရည်အချင်းအရပါ အများကြီးလျှော့ကျနေပြီဖြစ်တဲ့အတွက် စစ်တပ်အနေနဲ့ စပြီးပြိုကွဲနေပြီလို့ သုံးသပ်ပါတယ်။

“စစ်တပ်မှာလည်း သေချာတိုက်နိုင်ခိုက်နိုင်တဲ့ တိုက်ရည်ခိုက်ရည်ရှိတဲ့သူလည်း မရှိသလောက် ဖြစ်နေပြီ။ အဲဒီတော့ များသောအားဖြင့် တပ်ကတပ်မှူးတွေ ဗိုလ်ချုပ်တွေဘာတွေဆိုတာလည်း ရသမျှပစ္စည်းအိတ်ထဲထည့်ဖို့ပဲ စဉ်းစားတဲ့သူဖြစ်တော့ တပ်ကအရေအတွက်အရလည်း အရမ်းကြီးလျှော့နေပြီ။ အရည်အချင်းအရလည်း အများကြီးလျှော့နေပြီ။ တပ်ကစပြီးပြိုကွဲနေပြီလို့ ပြောလို့ရပါတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ အာဏာသိမ်းမှုသုံးနှစ်နီးပါးအတွင်း နိုင်ငံအနှံ့ ပေါ်‌ပေါက်လာနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေနဲ့ တိုက်ပွဲပေါင်းကြိမ်ရေ ၁၂,၂၀၀ ကျော်အထိ ဖြစ်ပွားခဲ့တယ်လို့ ISP-Myanmar ကနေ သိရပါတယ်။

ဒီအခြေအနေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးတာတွေ CDM လုပ်တာတွေအပြင် ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်တပ်သမိုင်းကို တဆစ်ချိုးပြောင်းလဲပစ်လိုက်တဲ့ တပ်ရင်းလိုက် စစ်သည်နှစ်ရာကျော် လက်နက်ချအလင်းဝင်ခဲ့တာလည်း ရှိနေပြန်ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တစ်ခါစစ်သားဖြစ်ဖူးရင် တစ်သက်လုံးစစ်သားဆိုတဲ့ စိတ်ဓာတ်နဲ့ ခွင့်မဲ့စစ်ပြေးတွေ စစ်မှုထမ်းဟောင်းတွေ ဆေးကျန်းမာရေးအခြေအနေကြောင့် ထွက်ခွင့်ကျထားတဲ့သူတွေက စစ်တပ်မှာ စစ်မှုထမ်းဆောင်နိုင်ဖို့ ဆက်သွယ်လာသူ ထောင်နဲ့ချီရှိသွားပြီလို့ ဆိုပါတယ်။

အဲဒီထဲမှာ အသက်ကြီးပိုင်းတွေလည်း ပါဝင်နေတဲ့အတွက် အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေအရ လုံခြုံရေးတာဝန်ပဲ ပေးအပ်နိုင်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆိုချက်ကို ဒီဇင်ဘာ ၅ ရက်နေ့ထုတ် စစ်တပ်ဝါဒဖြန့် သတင်းစာမှာ ဖော်ပြထားတာပါ။

လက်ရှိကာလမှာ တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ စစ်သားပြုန်းတီးမှုကို ကုစားနိုင်ရေး အနည်းဆုံး တစ်လမှာ တပ်သားသစ်တစ်ဦးနှုန်း မဖြစ်မနေစုဆောင်းဖို့၊ တစ်နှစ်မှာ တပ်သား ၁၂ ဦးနှုန်း စုဆောင်းကြဖို့နဲ့ မစုဆောင်းနိုင်ရင် အရေးယူမယ်လို့ စစ်ကောင်စီရဲ့ လျှို့ဝှက်ညွှန်ကြားချက်လည်း ထွက်ပေါ်နေတာပါ။

CDM စစ်တပ်အရာရှိတွေကတော့ တပ်ပြေးတွေကို ပြန်လက်ခံမယ်ဆိုတဲ့ ကြေညာမှုဟာ မြန်မာစစ်တပ်သမိုင်းမှာ တစ်ကြိမ်တစ်ခါမျှ မရှိဘူးသလို အခုဖြစ်စဉ်ဟာ စစ်တပ်ထဲမှာ အင်အားလုံးဝ နည်းပါးသွားပြီးဆိုတာ ပြသနေတာလို့ ပြောဆိုတာတွေ ရှိနေပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ရှမ်းမြောက်၊ စစ်ကိုင်း၊ ချင်း၊ ကရင်နီ၊ရခိုင်၊ စစ်ကိုင်း၊ ကရင်နဲ့ ပဲခူးဒေသတို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ရဲ့ မြေပြင်ထိုးစစ်ကို ခံနေရပါတယ်။

ဒီအခြေအနေမှာ လေကြောင်းပစ်ကူတွေကို အလွန်အကျွံသုံးတဲ့ စစ်တပ်က နိုင်ငံအနှံ့တိုက်ပွဲအတွင်း သာလွန်အင်အားနဲ့ တိုက်ခိုက်ခံနေရတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့အပတ် စစ်ကောင်စီအစည်းအဝေးမှာ ညည်းတွားခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.