ဆိပ်ဖြူ – ဒီဇင်ဘာ ၆

မကွေးတိုင်း၊ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ်အခြေစိုက် ကန်ဇွန်းမ နယ်မြေရဲစခန်းကို ပြည်သူ့ ကာကွယ်ရေးပူးပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက် သေဆုံးရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက ကန်ဇွန်းမရဲစခန်းကို စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၇ ဦးသေဆုံးကာ ၁၅ ဦးလောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့တဲ့ အဲဒီစခန်းဟာ စစ်ကောင်စီ ကပစ သုံးခုရဲ့ အလယ်မှာရှိတာဖြစ်တဲ့အတွက် စစ်ရေးအရ အရေးပါတယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တိုက်ပွဲအတွင်းလက်နက်ကြီးပစ်ကူတွေပေးတယ်။ စစ်ကြောင်းတွေထွက်လာတယ်။ စခန်းကိုတော့ မသိမ်းနိုင်ခဲ့ဘူး။” လို့သူက ပြောပါတယ်။

ကန်ဇွန်းမနယ်မြေရဲစခန်းမှာ စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ စစ်သား ၂၅ ဦးတပ်စွဲထားပြီး တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၅ ဦးနဲ့ ရဲ ၂ ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ အမှတ် ၁ စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးက အသိပေးထားပါတယ်။

တိုက်ပွဲမှာ စခန်းအတွင်းထဲထိ ဝင်ရောက်စီးနင်းကာ နယ်ထိန်းရဲ့အိမ်ကို မီးရှို့နိုင်ခဲ့ပေမယ့် စစ်ကူလာရောက်တာတွေရှိခဲ့တာကြောင့် စခန်းသိမ်းနိုင်တဲ့အထိအောင်မြင်မှုမရခဲ့ဘူးလို့ မြေပြင်တော်လှန်ရေးရဲဘော်က ဆိုပါတယ်။

ဆိပ်ဖြူ ကန်ဇွန်းမရဲစခန်းကို ပခုက္ကူခရိုင်အမှတ် (၄၊၁၁၊၁၉) တပ်ရင်း၊ မင်းဘူးခရိုင်အမှတ် (၁၊၂၊၄၊၅၊၆၊၇) တပ်ရင်း၊၊ Myanmar Defence Force (MDF)၊ ချောက် PDF သခင်ဖိုးလှကြီး တပ်ခွဲ ပူးပေါင်းအင်အားတွေ တိုက်ခိုက်ခဲ့ကြတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မကွေးအမှတ် ၁ စစ်ဒေသ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.