ကျိုက်မရော၊ ဒီဇင်ဘာ ၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာ၊စောင်နဲ့အဝတ်အထည်တွေ အရေးပေါ်လိုအပ်လျက်ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတံတားဂိတ်နဲ့ နယ်မြေရဲစခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲတွေ နေ့ရက်ဆက်ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲတွေဟာ ကျိုက်မရောမြို့နယ် စံပယ်ဂူတံတား အနီးပတ်ဝန်းကျင်ကျေးရွာတွေအထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာပြီးနောက် ချောင်းနှစ်ခွ၊ မယ်တရို၊ ကော့ပနော့၊ ကော့ဒွန်း၊ လှကဇိုင်း၊ ဝငဲ၊ ကော့ပရံ၊ မိကသစ်၊ မီးသွေးကုန်၊ တောင်ကလေးအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူ နှစ်သောင်းကျော် ထွက်ပြေးတိမ်ရှောင်နေရတာပါ။

ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူအများစုဟာ ဘုန်ကြီးကျောင်းတွေ၊ ဥယျာဉ်ခြံတွေနဲ့ ပျားတောင်ဂူတွေမှာ တိမ်းရှောင်နေရတဲ့အတွက် စစ်ရှောင်နေ့ရက်ရှည်ကြာလာတာနဲ့အမျှ အကူအညီလိုအပ်မှု မြင့်မားလာတယ်လို့ စစ်ရှောင်ဒေသခံတွေက ပြောဆိုပါတယ်။

စစ်ရှောင်ဒေသခံ ၅ ဦးရဲ့ ပြောပြချက်အရ လက်ရှိမှာ အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါး၊ အနွေးထည်၊ စောင်အပါအဝင် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကအစ လိုအပ်ချက်တွေ ဖြစ်ပေါ်နေပြီး လာရောက်ကူညီလှူဒါန်းသူ မရှိသလောက်နည်းပါးနေတယ်လို့ ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေကို မွန်အဖွဲ့အစည်းတွေအပါအဝင် အရပ်ဘက်အဖွဲ့အစည်းတချို့ သွားရောက်လှူဒါန်းတွေရှိပေမယ့် တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာတချို့ လက်ရှိအချိန်အထိ အကူအညီတွေ မရသေးဘူးလို့ သိရပါတယ်။

ကျိုက်မရောစစ်ရှောင်ပြည်သူတွေရဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီခန့် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ ဒေါက်တာအောင်မြတ်ကျော်စိန်ထံ သံလွင်တိုင်းမ်က ဖုန်းနဲ့ဆက်သွယ်မေး မြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

အမည်မဖော်လိုတဲ့ မွန်ပြည်နယ်ရဲ့ အရာထမ်းဝန်ထမ်းတစ်ဦးက ပြည်နယ်စစ်ကောင်စီမှာ စစ်ရှောင်ပြည်သူတွေကို ကူညီပေးဖို့ အစီအစဉ်တစ်စုံတစ်ရာ မရှိသလို အစည်းအဝေးတွေအတွင်း ထည့်သွင်းဆွေးနွေးတာမရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP – Myanmar ရဲ့ ထုတ်ပြန်ချက်အရ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ အာဏာသိမ်းကာလအတွင်း တိုက်ပွဲတွေကြောင့် နိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ ၄ သန်းကျော် အထိ ရှိလာတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.