ကျိုက်ထို၊ ဒီဇင်ဘာ ၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းနဲ့အင်္ဂဘိုကျေးရွာအကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကား ၇ စီးပါ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ တော်လှန်ရေးအင်အားစုတာဝန်ရှိသူရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီဇင်ဘာ ၄ ရက်နေ့ ည ၃ နာရီခွဲအချိန်ခန့်က ဘီးလင်းမြို့နယ်ကနေ ပဲခူးတိုင်းဒေသကြီးထံ မောင်းနှင်းလာတဲ့ ကား ၇ စီးပါး စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် လူအပြည့်တင်ဆောင်လာတဲ့ စစ်ကားတစ်စီး ညာဘက်ခြမ်းထိမှန်ခဲ့ပြီး ယာဉ်ပေါ်လာပါတဲ့ စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ရပ်တန့်ခြင်းမရှိဘဲ ပဲခူးဘက်ကို ဆက်လက်မောင်းနှင်းသွားပြီး လမ်းတလျှောက်မှာ အော်ဟစ်ဆဲဆိုကာ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဒေသခံတွေအဆိုအရ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ညောင်ခါးရှည်ဂိတ်မှာ ရပ်ဆိုင်းသွားပြီး သေဆုံးဒဏ်ရာရသူတွေကို လူနာတင်ယာဉ်နဲ့ သယ်ဆောင်သွားတယ်လို့ ပြောဆိုကြပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် မုပ္မလင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့က လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦး သေဆုံးခဲ့ပါသေးတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေက မြို့သိမ်းစခန်းသိမ်း စစ်ဆင်ရေးတွေ ဆင်နွှဲမယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်ကောင်စီဘက်က လုံခြုံရေးအင်အားအမြောက်အများ တိုးမြှင့်ထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PDF(ပုံဟောင်းဖြစ်ပါသည်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.