ကောလင်း၊ ဒီဇင်ဘာ ၅

အာဏာသိမ်းမှု သုံးနှစ်ပြည့်လုချိန်မှာ နိုင်ငံတဝန်းထိုးစစ်တွေနဲ့ စစ်ကောင်စီတပ်ကို ပြိုကျအောင် လှဲဖြိုနေကြချိန်မှာပဲ ပြည်နယ်လေးခုနဲ့ တိုင်းဒေသကြီးတစ်ခုအတွင်းရှိ မြို့ပေါင်း ၁၈ မြို့ထက်မနည်း တော်လှန်ရေးတပ်ဖွဲ့ တွေက သိမ်းပိုက်ထိန်းချုပ်ထားတာပါ။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်ကိုင်းတိုင်းက ကောလင်း၊ ခါမ်းပါတ်၊ ရွှေပြည်အေး၊ ချင်းပြည်နယ်မှာ ရိခေါဒါရ်၊ လိုင်လင်းပီ၊ ရေဇွာ၊ ရှမ်းပြည်နယ်မှာ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်၊ သိန္နီ၊ ကုန်းကြမ်း၊ မုံးကိုး၊ ကွမ်းလုံ၊ ကရင်နီပြည်နယ်မှာ မယ်စဲ့၊ ကချင်ပြည်နယ်မှာ အင်ဂျန်းယန်တို့ ပါဝင်ပါတယ်။

အဲဒီထဲမှာ တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်မှုမလုပ်ရဘဲ စစ်ကောင်စီတပ်လက်လွှတ်သွားတဲ့ မြို့တွေထဲမှာဆိုရင် ချင်းပြည်နယ်က နှာရိန်းမြို့ ၊ ဆူရ်းခွါ့မြို့ နဲ့ ဝေဘူလမြို့တို့ ပါဝင်နေတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က သိမ်းပိုက်ထားတဲ့မြို့တွေမှာ လေကြောင်းရန် ကာကွယ်ရေးအတွက် ဗုံးခို ကျင်းတူးတာနဲ့ ကြိုတင်အသိပေးစနစ်ကို အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့တွေက လမ်းညွှန်ပေးနေတာရှိတယ်လို့ ပြောပါတယ်။

“ဒီဗုံးကြဲတာတွေ အချိန်မရွေးဖြစ်နိုင်တယ်။ သူတို့က (စစ်ကောင်စီ) အရပ်သားပြည်သူလူထုကို အမြဲတမ်းလေကြောင်းကနေ တိုက်ခိုက်တာတွေလုပ်နေကြ။ ဒါကြောင့်သတိရှိရှိနဲ့ ကြိုတင်ပြီး သိရှိအောင်လို့ တတ်နိုင်ရင်လုပ်တယ်။ ကြိုတင်သိရှိရင် ကြိုတင်‌ရှောင်လို့ရတယ်။ ဒါပေမယ့် ကြိုတင်ကာကွယ်ဖို့ ဗုံးခိုကျင်းတူးတာတို့၊ ကာကွယ်တဲ့ နည်းလမ်းတွေ၊ ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ကာကွယ်ရေးတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ လုံခြုံရေးတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကနေ လမ်းညွန်ပညာပေးနေတာတွေ ရှိပါတယ်။ အတူတကွဆောင်ရွက်နေကြပါတယ်”လို့ ဆိုပါတယ်။

NUG အနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပါအဝင် မဟာမိတ်ပူးပေါင်းတွေနဲ့အတူ ပြီးခဲ့တဲ့ နိုဝင်ဘာအတွင်း စစ်ကိုင်းတိုင်းရှိ ကောလင်း ၊ ခမ်းပတ်နဲ့ ရွှေပြည်အေးမြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ထားတာပါ။

အဲဒီမြို့တွေမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး စစ်ရှောင်ပြည်သူတွေ ပြန်လည်ဝင်ရောက် နေထိုင်လာနိုင်အောင် အကူအညီပေးတာအပြင် အစိုးရယန္တရားလည်ပတ်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးအပြင် ကာကွယ်ရေးကိုလည်း တာဝန်ရှိသူတွေကနေ ဆောင်ရွက်နေတယ်လို့ ဦးကျော်ဇောက ရှင်းပြပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်မှာ စစ်အုပ်စုရဲ့ စိုးမိုးထိန်းချုပ်မှု ကင်းစင်ပြီးပြည်သူ့အုပ်ချုပ်ရေး စတင်ပြီလို့ အသိပေးကြေညာထားတာပါ။

အဲဒီကြေညာချက်မှာတော့ အုပ်ချုပ်ရေး၊ ကာကွယ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ဝန်ဆောင်မှုပေးရေး၊ တရားစီရင်ရေး၊ ဘဏ်လုပ်ငန်းတွေ စီမံခန့်ခွဲရေးနဲ့ Non-CDM ဝန်ထမ်းတွေအရေးကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရက ထည့်သွင်းထားပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း လေကြောင်းရန်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဒေသတွင်း လုံခြုံရေးကို အဓိကလုပ်ဆောင်နေပြီး လေကြောင်းရန်ကနေ ပြန်လည်တွန်းလှန်ဖို့ နိုင်ငံတကာဖိအားနဲ့အတူ စစ်ရေးဖော်ဆောင်မှုအနေနဲ့ ကြိုးစားနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကတော့ လေကြောင်းရန်ကာကွယ်ရေးမှာ သတင်းလက်ဦးမှုပဲ။ အားလုံးပူးပေါင်းပါဝင်မှုကို ကျွန်တော်တို့က ကိုယ့်ရဲ့ ဒေသလုံခြုံရေးကို လုပ်ရတာက အဓိကလုပ်ဆောင်ချက်ဖြစ်တယ်။ တစ်ပြည်လုံးအတိုင်းအတာက အဲဒီအဆင့်ပဲလုပ်နိုင်ခဲ့တယ်။ လေကြောင်းကို ပြန်လည်ခုခံကာကွယ်ဖို့ တွန်းလှန်ဖို့ဆိုတာ ကျွန်တော်တို့ချည်းပဲ လုပ်လို့ရတာမဟုတ်ဘူး။ နိုင်ငံတကာဖိအားရယ်၊ ပြီးတော့ လေကြောင်းတိုက်ခိုက်မှုကို ကျွန်တော်တို့ ဘယ်လိုဖော်ဆောင်နိုင်မလဲဆိုတဲ့ဟာ ဒါတွေဆက်စပ်ပြီး လုပ်သွားမယ့် စစ်ရေးဖော်ဆောင်မှုတစ်ခုအနေနဲ့ ကျွန်တော်တို့ အဲဒီလိုသတ်မှတ်ပြီး အစွမ်းကုန်ဆက်လက်ပြီး ကြိုးစားနေတာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ချင်းပြည်နယ်အတွင်း လေကြောင်းရန်ကာကွယ်‌ရေးအတွက် သတင်းဆက်သွယ်ရေးအပြင် ဒေသတွင်းနေထိုင်ကြတဲ့ အရပ်သားပြည်သူတွေကို မိမိကိုယ်ကို လေကြောင်းရန်ကနေ ကာကွယ်နိုင်မယ့်နည်းလမ်းတွေ လုပ်သင့်လုပ်ထိုက်တာတွေကို အသိပေးထားတယ်လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာအတွင်း CNF နဲ့ Local PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့ မြို့တွေထဲမှာ ရိဒ်ခေါဒါရ်၊ လိုင်လင်းပီ၊ ရေဇွာတို့ဖြစ်ပြီး မကွီးအိမ်နူးမြို့ကိုတော့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက တိုက်ခိုက်သိမ်းပိုက်ထားတာပါ။

ကျန်ရှိတဲ့ ချင်းပြည်နယ်က နှာရိန်းမြို့ ၊ ဆူရ်းခွါ့မြို့ နဲ့ ဝေဘူလမြို့တို့ကတော့ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ Local PDF ပူးပေါင်းတပ်ဖွဲ့တို့ မတိုက်ခိုက်ရဘဲ စစ်ကောင်စီတပ်စခန်းတွေ စွန့်ခွာထွက်ာပြေးသွားတဲ့ မြို့တွေဖြစ်ပါတယ်။

လက်ရှိမှာတော့ ရိဒ်ခေါဒါရ်နဲ့ လိုင်လင်းပီမြို့တို့မှာ စစ်ရှောင်ပြည်သူတွေ လုံခြုံစွာ ပြန်လည်ဝင်ရောက်လာနိုင်ရေး၊ နေရာချထားရေးနဲ့ နယ်မြေရှင်းလင်းရေးတွေကို လူထုနဲ့အတူ ပူးပေါင်းလုပ်ဆောင်နေပြီး ပြည်သူ့အုပ်ချုပ်ရေးကို ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ CNF နဲ့ Local PDF ပူးပေါင်းတပ်ဖွဲ့တို့ အသိပေးထားပါတယ်။

တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ပြင်းထန်နေတဲ့ ရှမ်းမြောက်ဒေသအတွင်း ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်နေတဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင် MNDAA ကလည်း လူထုလုခြုံရေးအတွက် ရှေ့ဆုံးကနေ ခုခံကာကွယ်ပေးသွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက “မြေပြင်ထိုးစစ်ဆင်မှုကိုတော့ ကျွန်တော်တို့က ရှေ့ဆုံးကနေပြီးတော့ ခုခံကာကွယ်သွားမှာ ဖြစ်တယ်။ ပြီးတော့ လေယာဉ်ဗုံးကြဲတာကိုတော့ ကျွန်တော်တို့အနေနဲ့ သိသင့်သိထိုက်တဲ့ အသိပညာတွေကိုတော့ (ဒေသခံပြည်သူတွေကို) မှာကြားထားတာတွေ ရှိပါတယ်ဗျ။ ကျွန်တော်တို့အနေနဲ့ ကိုးကန့်ခရိုင်ထဲမှာရှိတဲ့ မြို့အားလုံး လွတ်မြောက်အောင် Operation တော့ ဆက်လက်ဖော်ဆောင်နေဦးမှာပါ” လို့ ဆိုပါတယ်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်လကျော်အတွင်း ရှမ်းမြောက်ရှိ ကိုးကန်ဒေသအတွင်းက ချင်းရွှေ‌ဟော်၊ မုန်းကိုး၊ဖောင်းဆိုင်၊ ကွမ်းလုံ၊ ပန်ဆိုင်းနဲ့ ကုန်းကြမ်းမြို့အပါအဝင် နယ်စပ်ကုန်သွယ်ရေးဂိတ် ၄ ခုနဲ့ စစ်ကောင်စီရဲ့ တပ်စခန်းအကြီးအသေးပေါင်း ၂၀၀ ကျော် သိမ်းပိုက်ထားတာပါ။

အဲဒီဒေသတွေထဲက ပန်ဆိုင်း၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်းမြို့တွေမှာ ဒေသခံပြည်သူတွေ အတော်များများ ပြန်လည်ဝင်ရောက်နေထိုင်ကြပြီး ချင်းရွှေဟော်နဲ့ ကွမ်းလုံမှာတော့ နေရပ်ပြန်လာသူ နည်းနေသေးတယ်လို့ လီကျားဝင်းက ပြောပါတယ်။

ဒါ့အပြင် ဖောင်းဆိုင်မြို့ကလွဲရင် ပန်ဆိုင်း၊မုန်းကိုးနဲ့ ကုန်းကြမ်းမြောက်ပိုင်းဒေသတွေမှာ အုပ်ချုပ်ရေးလည်ပတ်နေပြီး ဦးစွာဆေးရုံနဲ့ စာသင်ကျောင်းတွေ အမြန်ဆုံးဖွင့်လှစ်ကာ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ စတင်ဖော်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ကရင်နီက မယ့်စဲမြို့ကိုတော့ ကရင်နီတပ်ပေါင်းစုဖြစ်တဲ့ ကရင်နီတပ်မတော် (KA) ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၊ ကလလတ အပါအဝင် အခြားသော PDF ပူးပေါင်းတပ်တို့ ဇွန် ၂၄ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ထားတာပါ။

ကချင်ပြည်နယ်က အင်ဂျန်းယန်မြို့ကိုတော့ ကချင်လွတ်လပ်ရေးတပ်တော် (KIA) က တိုက်ခိုက်သိမ်းပိုက်တာမရှိဘဲ စစ်ကောင်စီတပ်ကနေ နိုဝင်ဘာ တတိယပတ်အတွင်း စစ်တပ်စခန်းသုံးခုအပါအဝင် ရဲစခန်းနဲ့ အုပ်ချုပ်ရေးဆိုင်ရာရုံးတွေကို ဆုတ်ခွာသွားတာပါ။

အခုလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က စစ်ကောင်စီယန္တရားအောက်ကနေ တိုက်ခိုက်သိမ်းယူရရှိထားတဲ့ မြို့တွေအပါအဝင် စစ်တပ်စခန်းနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဆုတ်ခွာသွားတဲ့ မြို့တွေကို စစ်ကောင်စီဘက်က ပြန်လည်ရယူဖို့နဲ့ တပ်စွဲနေထိုင်ဖို့ မြေပြင်ထိုးစစ်မဆင်နိုင်သေးပါဘူး။

ဒါပေမယ့် စစ်ကောင်စီတပ်ရဲ့ အာဏာသိမ်းကာလတလျှောက်လုံး အားကိုးအားထားပြုနေရတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့တော့ လက်လွှတ်ဆုံးရှုံးထားတဲ့ မြို့တွေကို အချိန်မရွေး ပြန်လည်ရယူမယ့် အခြေအနေတစ်ရပ်လည်း ရှိနေတာပါ။

CDM လေတပ် တပ်ကြပ်ကြီး ဇေယျကတော့ လက်ရှိစစ်ကောင်စီရဲ့ အဓိကအထောက်အကူဟာ လေတပ်တစ်ခုပဲ ရှိတော့တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ လေတပ်ကိုသာ တုံ့ပြန်နိုင်ရင် တော်လှန်ရေးလည်း အမြန်ပြီးဆုံးသွားမယ်လို့ ထောက်ပြပါတယ်။

“လက်ရှိစစ်ကောင်စီရဲ့ စစ်ရေးမှာ အဓိကအထောက်အကူပေါ့။ သူတို့ရဲ့ စိတ်ဓာတ်ရေးရာပဲဖြစ်ဖြစ်၊ သူတို့ရဲ့ခံစစ်ကို အထောက်အကူပြုနေတာ လေတပ်တစ်ခုပဲ ရှိတော့တယ်။ လေတပ်သာ ပြိုလို့ရှိရင် လက်ရှိ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေ မြို့တွေကို ဒီထက်မြန်မြန်ဆန်ဆန် ပိုသိမ်းနိုင်မယ်။ ပြီးတော့ ကျွန်တော်တို့ သိမ်းပြီးသားမြို့တွေလည်း အန္တရာယ်ကင်းသွားမယ်။ အဲဒီတော့ ကျွန်တော်တို့မှာ လုပ်စရာတစ်ခုပဲရှိတယ်။ အဲဒီတစ်ခုက လေတပ်ကိုသာတုန့်ပြန်ဖို့၊ လေတပ်သာ ကျသွားမယ်ဆိုရင် ကျွန်‌တော်တို့ သိမ်းထားတဲ့မြို့တွေမှာ အေးအေးဆေးဆေးဝင်နေလို့ရပြီ။ တော်လှန်ရေးလည်း ဒီထက်ပိုပြီး အမြန်ဆုံးပြီးသွားမယ်လို့ ကျွန်တော်ယူဆတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းကာလအတွင်း အခုနှစ် အောက်တိုဘာ‌နှောင်းပိုင်းကစပြီး ဒီဇင်ဘာ ပထမပတ်အထိ မြေပြင်စစ်ဆင်ရေးမှာ အထိနာနေတဲ့အတွက် နာလန်ထူဖို့ ချုံးချုံးကျနေတဲ့ အနေအထားမှာ လေကြောင်းတိုက်ခိုက်မှုကို ပိုမိုအသုံးပြုနေတာပါ။

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းမြောက်က ကိုးကန့်အထူးဒေသ (၁)နဲ့ တအာင်းဒေသအပါအဝင် ရခိုင်ဒေသတို့မှာ အရပ်သားသေဆုံးမှု ၁၄၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၂၀၀ ကျော်အထိရှိခဲ့တယ်လို့ ညီနောင်သုံးဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-The Kokang/CIC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.