မော်လမြိုင်၊ ဒီဇင်ဘာ ၅
အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု ပါဝင်ထားတဲ့ မွန်ပြည်နယ်အတွင်းရှိ နိုင်ငံ့ဝန် ထမ်းတွေ စုပေါင်းပြီး မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ CCSC-MON ကို ဖွဲ့စည်းလိုက်တယ်လို့ ဒီဇင်ဘာ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
အဲဒီကောင်စီဟာ မွန်ပြည်နယ်အတွင်းက CDM နိုင်ငံ့ဝန်ထမ်းများ ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတစ်ရပ် ပေါ် ပေါက်လာစေဖို့အတွက် ဌာနအသီးသီး ချိတ်ဆက်ကာ နိုဝင်ဘာ ၂၃ ရက်နေ့မှာ စတင်ဖွဲ့ စည်းခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီကို ပညာရေး CDM နိုင်ငံ့ဝန်ထမ်းများအစုအဖွဲ့၊ ကျန်းမာရေး CDM နိုင်ငံ့ဝန်ထမ်းများအစုအဖွဲ့နဲ့ အခြားဌာနများမှ CDM နိုင်ငံ့ဝန်ထမ်းများအစုအဖွဲ့ဆိုပြီး အစုအဖွဲ့ ၃ ဖွဲ့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ဖွဲ့စည်းလိုက်တဲ့အတွက် CDMတွေကြားထဲမှာ စုဖွဲ့မှု အားကောင်းပြီး သဘောထား ကွဲလွဲမှုတွေကို အချင်းချင်းညှိနှိုင်းနိုင်တာ၊ ရှေ့ဆက်လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေကို ပူးပေါင်းဆောင်ရွက်လာနိုင်မယ်လို့ CDM ဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“CDMက နဂိုကတည်းက ဘာလိုချင်လို့ CDM လုပ်ခဲ့တာမှ မဟုတ်တာ၊ ကျွန်တော်တို့ အပါအဝင်ပါပဲ။ ရလိုမှုနဲ့ပတ်သက်ရင် ဘာမှပြဿနာမရှိဘူး။ ဒါပေမယ့်ဘယ်နေရာမှာ ပြဿနာရှိလဲဆိုတော့ တ ချို့ဒေသတွေမှာ ဘာတွေဖြစ်လာလဲဆိုတော့ ကြောက်တာပေါ့နော်။ နောက်ပြီးNONတွေကို ဘယ်လို အရေးယူမလဲဆိုတော့ ကိုယ့်အချင်းချင်းကြားမှာညှိရမှာပေါ့နော်။ ညှိပြီးတဲ့အခါတဖက်ကလည်း ဥပဒေပြုမယ့်အဖွဲ့တွေ ဘာတွေရှိတာပေါ့။ ကိုယ့်အချင်းချင်းကြားမှာရော ဘယ်လိုသဘောထားရှိလဲ။ မွန်ပြည်နယ်နဲ့ ပတ်သက်ရင်ရော ဘယ်လိုတွေကို ဘယ်လိုလုပ်သင့်ပါတယ်ပေါ့၊ အဲဒီလိုသဘော ထားတွေပေးနိုင်ဖို့ သူတို့ချင်း တိုင်ပင်တဲ့အနေနဲ့ စုဖွဲ့တယ်လို့ပဲထင်ပါတယ်”လို့ ဆိုပါတယ်။
ဒီကောင်စီဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်မှာ CDM နိုင်ငံ့ဝန်ထမ်းတွေ ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းပါဝင်လာနိုင်စေဖို့၊ မွန်ပြည်နယ်အတွင်းရှိ CDM တွေ၊ Non-CDM တွေ၊ အလင်းဝင်လာတဲ့ Non-CDM တွေ၊ ကြားကာလဝန်ထမ်းယန္တရားနဲ့ အခြားလိုအပ်တဲ့မူဝါဒတွေ ပေါ်ထွက်လာစေဖို့နဲ့ စွမ်းဆောင်ရည်ပြည်ဝတဲ့ ဝန်ထမ်းယန္တရားတစ်ရပ် ပေါ်ထွန်းလာစေဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် လက်ရှိထုတ်ပြန်ထားတဲ့ ရည်ရွယ်ချက်တွေကိုတော့ ဘုံရည်မှန်းချက်တူညီတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲကာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ကြိုးပမ်းသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပညာရေး CDM ဝန်ထမ်း ဆရာမတစ်ဦးကလည်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ဖွဲ့စည်းလိုက်တဲ့အတွက် CDMတွေ စည်းစည်းရုံးရုံးနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်တာကြောင့် ကြိုဆိုတယ်လို့ ပြောပါတယ်။
“တကယ်ကို စည်းစည်းရုံးရုံးနဲ့ အားလုံးပါမယ်ဆိုရင်တော့ ဒီအဖွဲ့အစည်းမှာကျွန်မတို့ကလည်း လက်ကမ်းကြိုဆိုတယ်။ ရလဒ်ကတော့ ကောင်းတာပေါ့နော်။ ကျွန်မတို့ မွန်ပြည်နယ်အနေနဲ့ဆိုရင် ဒီလိုမျိုး အဖွဲ့အစည်းက ရှိသင့်တယ်။ အားလုံးပါဝင်တဲ့ ကောင်စီဆိုတာကတော့ အားလုံးစုစုစည်းစည်းနဲ့ ဆုံးဖြတ်စရာရှိတယ်ဆိုရင်လည်း အားလုံးဆန္ဒခံယူပြီးတော့ ဆုံးဖြတ်မယ်ပေါ့။ အဲဒီလိုမျိုးဆိုတော့ ကျွန်မတို့အတွက်က ကောင်းတယ်လို့ ယူဆတာပေါ့”လို့ ဆိုပါတယ်။
တဖက်မှာတော့ CDM ဝန်ထမ်းတွေကို အာဏာသိမ်းကာလအတွင်း စစ်ကောင်စီက နည်းလမ်းမျိုးစုံသုံးပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့ ဖိအားပေးတာ၊ ဖမ်းဆီးစစ်ဆေးတာ၊ ပြည်ပထွက်ခွာခွင့် ကန့်သတ်တာ၊ နေအိမ်လိုင်းခန်းတွေကနေ နှင်ချခံရတာ၊ မတရားဖမ်းဆီးထောင်ချတာတွေလည်း ရှိနေတာပါ။
စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေနဲ့အတူ မိသားစုစားဝတ်နေရေး ပြဿနာတွေကြောင့် CDM ဝန်ထမ်းတချို့ လုပ်ငန်းခွင်ပြန်ဝင်တာတွေ ရှိခဲ့ပေမယ့် အများစုကတော့ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုမှာ ဆက်လက်ပါဝင်ထားတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ အာဏာသိမ်းကာလအတွင်း အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ နိုင်ငံ့ဝန်ထမ်းထောင်နဲ့ချီရှိနေပြီး အဲဒီထဲမှာ ပညာရေးဝန်ထမ်းတွေ အများဆုံးပါဝင်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းသုံးနှစ်နီးပါးကာလအထိ CDM ပြုလုပ်ထားတဲ့ နိုင်ငံ့ဝန်ထမ်း သုံးသိန်းကျော် ရှိနေသေးတယ်လို့ ပြီးခဲ့တဲ့သြဂုတ်လအတွင်း ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Getty Image