မြိတ်၊ ဒီဇင်ဘာ ၅

တနင်္သာရီတိုင်း၊ မြိတ်နဲ့တနင်္သာရီမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုအပါအဝင်လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ မြိတ်ခရိုင် အမှတ်(၂) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်က မြိတ်မြို့မှ တနင်္သာမြို့ကို လက်နက်ခဲယမ်း တင်ဆောင်လာတဲ့ စစ်ကောင်စီကား ၃ စီးကို ညောင်းပင်ကုန်းကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း(၁)က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ် မသိရသေးဘူးလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီနေ့ နေ့လည် ၂ နာရီဝန်းကျင်မှာလည်း မြိတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ တုံးဗျောကြီးတပ်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူပေါင်းစစ်ကြောင်း(၁)က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန်နာရီဝက်နီးပါးအကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် ၃ ဦး သေဆုံးကာ ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့ ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကိုပြောပါတယ်။

နှစ်ဖက်တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေး ပူပေါင်းစစ်‌ကြောင်း(၁)ဘက်က ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် တုံဗျောကြီးအုပ်စု ကင်းတပ်ကျေးရွာက နေအိမ်တစ်လုံး လက်နက်ကြီး ထိမှန်ပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)ဖြစ်တဲ့ မြိတ်ခရိုင်တပ်ရင်း(၂)၊ တပ် ခွဲ-၁ ၊ ဘက်မလိုက် ပြောက်ကျားအဖွဲ့၊ တောင်ပိုင်းသူရဲကောင်းအဖွဲ့(SWDF)နဲ့ မြတ်မြို့နယ် ပကဖ တို့က ပူပေါင်းတိုက်ခိုက်ခဲ့တာပါ။

ပြည်သူ့ကာကွယ်ရေးပူပေါင်းအဖွဲ့တွေက တနင်္သာမြို့နယ်မှာ ဖြစ်ပေါ်နေတဲ့စစ်ရေး အခြေအနေတွေအရ ဒေသခံပြည်သူတွေ သတိရှိရှိနေထိုင်သွားလာကြဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာနောက်ဆုံးပတ်အတွင်း မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စစ်ကောင်စီယာဉ်တန်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.