ပုလဲ – ဒီဇင်ဘာ ၅
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်က ပျူစောထီးတစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ကျောင်းသား တပ်မတော် ABSDF ထံ လက်နက်ခဲယမ်းနဲ့ ပထမဆုံးအလင်းဝင်ရောက်လာတယ်လို့ ABSDF Column – 3 ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ် ၃ စစ်ကြောင်း၊တပ်ရင်း ၁၄ ချင်းတွင်းဒေသကို အလင်းဝင်ရောက်လာတာပါ။
ပျူစောထီးရွာတွေမှာလည်း စစ်ကောင်စီတပ်ရဲ့ ဆိုးကျိုးတွေကို နေ့စဉ်ခံစားနေရတယ်လို့ သိရတဲ့အတွက် အခုလိုအလင်းဝင်ရောက်လာတာဟာ မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်တယ်လို့ ကိုပြည့်ဖြိုးကျော်ဆိုသူက ပြောပါတယ်။
“အဓိကကတော့ ရွာထဲမှာရှိတဲ့ယောက်ျားသားတွေက ပျူစောထီးအဖြစ်မဖြစ်မနေဝင်ထားရတယ်။ ဒီဇင်ဘာလ တစ်ရက်နေ့သူထွက်လာချိန်မှာ ကျွန်တော်တို့ထဲက သူနဲ့ရင်းနှီးတဲ့သူတစ်ယောက်နဲ့ ဆက်သွယ်တယ်။ ညရှစ်နာရီနဲ့ ဆယ်နာရီကြားမှာသူကင်းကျတဲ့အချိန်မှာလက်နက် နဲ့တကွထွက်လာတာဖြစ်ပါတယ်။”လို့ ABSDF Column 3 ကသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ က ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီလက်အောက်ကနေ ထပ်မံအလင်းဝင်ရောက်လိုသူတွေကိုလည်း နွေးထွေးစွာ ကြိုဆိုလက်ခံပေးသွားဖို့စီစဉ်နေတယ်လို့ သူက ပြောပါသေးတယ်။
အလင်းဝင်ရောက်လာသူ ပျူစောထီးလူငယ်ကို ကျောင်းသားတပ်မတော် အမှတ် ၃ စစ်ကြောင်း စစ်ကြောင်းမှူး ရဲဘော်မင်းထွေးက ကြိုဆိုကာ လုံခြုံနဲ့နေရာကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ပျူစောထီးလူငယ်ဟာ Type- 81 အမျိုးအစား သေနတ် ၁လက် ၊ ကျည်ဘောက် ၂ ဘောက် ၊ ၇.၆၂ မီလီမီတာကျည် ၈၆တောင့် ၊ ၅.၅၆ မီလီမီတာကျည် ၁၄ တောင့် ၊ လက်ပစ်ဗုံး ၁ လုံးနဲ့ စကားပြောစက် ၁လုံး တို့ကိုယူဆောင်လာပြီးအမှတ် ၁၄ တပ်ရင်းမှူး ရဲဘော်ဇေယျထံ အပ်နှံထားတယ်လို့သိရပါတယ်။
လွန်ခဲ့တဲ့ အောက်တိုဘာလနှောင်းပိုင်းကလည်း ပုလဲ ဇီးဖြူကုန်းကျေးရွာက ပြည်သူ ၉ ဦးဟာ ပျူစောထီးတွေရဲ့ လက်အောက်မှာ မနေလိုတာကြောင့် ABSDF ထံခိုလှုံလာကြတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ABSDF Column – 3