မော်လမြိုင်၊ ဒီဇင်ဘာ ၁
မွန်ပြည်နယ်မှာ ဆန်အသစ်ပေါ်ကာလမှာပဲ ဆန်ဈေးနှုန်းတွေ တရိပ်ရိပ်ထပ်မံမြင့်တက်လာပြီး ပေါ်ဆန်းမွှေးတစ်အိတ်ကို ကျပ် တစ်သိန်းနှစ်သောင်းကျော်အထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ ဆန်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နိုဝင်ဘာပထမအပတ်အတွင်း တစ်အိတ်ကို ကျပ် တစ်သိန်းဝန်းကျင်သာရှိခဲ့တဲ့ ပေါ်ဆန်းမွှေးဈေးနှုန်းဟာ နိုဝင်ဘာနောက်ဆုံးအပတ်မှာတော့ တစ်သိန်းနှစ်သောင်းကျော်အထိ ဈေးနှုန်းခုန်တက်လာခဲ့ပါတယ်။
ဒါ့အပြင် ပေါ်ကျွဲဆန်ကလည်း တစ်အိတ်ကို ကျပ်ကိုးသောင်းခွဲကနေ ကျပ်တစ်သိန်းကျော်အထိ ဈေးနှုန်းမြင့်တက်လာသလို ဆန်အသစ်ပေါ်တိုင်း ဈေးနှုန်းထက်ဝက်နီးပါး ကျဆင်းလေ့ရှိတဲ့ ဆန်ကြမ်းအုပ်စုဝင် ဧည့်မထဆန်ကလည်း တစ်အိတ်ကို ကျပ်ခုနှစ်သောင်းကျော်နဲ့ အမြင့်ဈေးမှာပဲ ဆက်ရှိနေတာပါ။
ဆန်ဈေးနှုန်းဟာ ဒီနှစ်စပါးအထွက်နှုန်း သိသိသာသာကျဆင်းလာတာ၊ တောင်သူအများစု မရောင်းဘဲ ဈေးနှုန်းစောင့်နေတဲ့အတွက် ဆန်ဈေးနှုန်းတွေ မြင့်တက်လာရတာဖြစ်တယ်လို့ ဆန်လုပ်ငန်းရှင်တွေက ပြောဆိုပါတယ်။
“ဘာကြောင့်တက်လဲဆိုရင် စပါးတွေက အထွက်နည်းလို့လည်းဖြစ်တယ်။ အခုစပါးဝယ်တော့လည်း မရဘူး။ မရောင်းကြတာ၊ ထားထားတာလည်းရှိကြတာပေါ့။ စပါးရှာရလည်း ဈေးပြန်တက်တာပေါ့။ မကိုက်ရင်တော့ ကိုက်တဲ့ဈေးမှဆိုတော့ ဈေးနည်းနည်း ပြန်တက်ပြန်တာပေါ့။ အထွက်နှုန်းကလည်းနည်းတာတစ်ကြောင်း၊ တခြားသူတွေကျတော့ နေလို့ရရင်မရောင်းသေးဘူး။ ဈေးစောင့်တာပေါ့။ အဲဒီလိုမျိုးလည်း ပါတာပေါ့။ တအားပဲ ဈေးထိုးတက်နေတယ်။ အခုတော့ အသစ်စထွက်တာနဲ့ ဒီလောက်ဈေးဆိုတော့ မိုးအလယ်လောက်ဆိုရင် ဘယ်လိုလာတော့မှန်းမသိဘူး”လို့ ဆိုပါတယ်။
ဒါ့အပြင် ဆန်ဈေးနှုန်းဟာ ဒီနှစ်စပါးရိတ်သိမ်းကာလမှာ ရိတ်သိမ်းစရိတ်တွေ ထပ်မံမြင့်တက်လာတာ၊ စက်သုံးဆီအပါအဝင် အလုပ်သမားစရိတ်တွေ ဈေးနှုန်းကြီးမြင့်လာတာ၊ တိုက်ပွဲတွေကြောင့် သယ်ယူပို့ဆောင်ရေး အခက်အခဲတွေနဲ့ အဓိကသက်ဆိုင်နေရတာပါ။
စပါဈေးနှုန်းကလည်း ဆန်အသစ်မပေါ်ခင်က ပေါ်ဆန်းမွှေးဟာ တင်း ၁၀၀ လျှင် ကျပ် ၂၅ သိန်းနဲ့ ၂၇ သိန်းဝန်းကျင်သာ ရှိရာကနေ ဆန်အသစ်ပေါ်ကာလမှာတော့ ကျပ် ၃၂ သိန်းအထိ ဈေးနှုန်းမြင့်တက်လာသလို ဆန်ကြမ်းအုပ်စုဝင် စပါးတွေကလည်း ကျပ် ၁၈ သိန်းကျော်ကနေ ကျပ်၂၀ သိန်းဝန်းကျင်အထိ ပေါက်ဈေးရှိနေတာပါ။
စပါးဈေးနှုန်းကြီးမြင့်မှုနဲ့အတူ ဆန်ဈေးနှုန်းတွေပါ ထပ်မံမြင့်တက်လာတဲ့အတွက် ဝယ်ယူဖို့စားသောက်ဖို့ပင် အခက်အခဲ ရှိလာသလို အငတ်ဘေးဆိုက်လာမယ့် အခြေအနေနဲ့ ကြုံနေရတယ်လို့ အိမ်ရှင်မတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဆန်ဈေးကတော့ တကယ်တက်လာတာတော့ အမှန်ပဲ။ ဒီဆန်ဈေးက အဓိကပဲလေ။ ဆန်ဈေးတက်လာတာနဲ့အမျှ လူတွေက ထမင်းတစ်လုတ်စားဖို့ကို ဒုက္ခအမျိုးမျိုး ရောက်နေကြတယ်။ ဒီကုန်ဈေးနှုန်းကြီးလာတာနဲ့အမျှ ရရာအလုပ်ကိုလည်း ဘာရရ ရအောင် လုပ်ရတယ်။ ပြေလည်လားဆိုတော့လည်း မပြေလည်ဘူး။ မပြေလည်တဲ့ကြားထဲကပဲ အလုပ်ကလေးရှိရင် ပြီးရောဆိုပြီးတော့ လုပ်နေရတယ်။ အဲဒီတော့ ဒုက္ခရောက်နေတာတွေကို ဒုက္ခတွေလို့ပဲ ပြန်ပြောရမလို ဖြစ်နေတယ်။ အဲဒီပြဿနာကို ဘယ်လိုဖြေရှင်းရမှန်းလည်း မသိဘူး။ ဘယ်လိုပြောရမလဲဆိုတော့ တဖြည်းဖြည်းနဲ့ လူတွေကကျပ်ကျပ်ပြီးတော့ အငတ်ဘေးဆိုက်လာတဲ့ပုံစံမျိုး ဖြစ်လာတယ်”လို့ ဆိုပါတယ်။
မွန်ပြည်နယ်ဟာ စပါးစိုက်ဧက ၇ သိန်းနီးပါး ရှိနေတာဖြစ်ပြီး နှစ်စဉ် စပါးတင်းပေါင်း၄ သိန်းကျော် ထွက်ရှိနေတာဖြစ်သလို ထွက်ရှိလာတဲ့ စပါးတွေကို ကြိတ်ခွဲပြီး တိုင်းနဲ့ပြည်နယ်တချို့ကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်တပ်အာဏာသိမ်းတဲ့ သုံးနှစ်ပြည့်လုနီးပါးဖြစ်တဲ့ အခုနှစ်ဆန်အသစ်ပေါ်ကာလမှာတော့ ဆန်ဈေးနှုန်းတွေ နေ့စဉ်နဲ့အမျှ မြင့်တက်လာနေသလို ဆန်စပါးဈေးကွက်အတွင်းမှာလည်း အရောင်းအဝယ် နည်းပါးသွားတဲ့ အခြေအနေနဲ့ ကြုံနေရတာပါ။
တဖက်မှာတော့ စစ်ကောင်စီဟာ ဆန်စပါးဈေးကွက်ထိန်းချုပ်နိုင်ဖို့အတွက် မြန်မာပြည်တွင်းရှိ တစ်နေရာထဲမှာ ဆန်တန်ချိန် ၅၀ နဲ့ စပါးတင်း ၅၀၀၀ အထက် သိုလှောင်ပါက မှတ်ပုံတင်ရမှာဖြစ်ပြီး မှတ်ပုံမတင်ပါက ဥပဒေနဲ့အညီ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ