“မွန်ပြည်သစ်ပါတီက ပြတ်ပြတ်သားသားနဲ့ လက်နက်ကိုင်တိုက်မယ်ဆို ကျွန်တော်တို့လို မွန်ပြည်ကာကွယ်ရေး တပ်တောင်ဖွဲ့ဖိုမလိုပဲ မွန်ပြည်သစ်နဲ့အတူ လက်တွဲပြီး တိုက်ပွဲဝင်လာခဲ့မှာပါ”
ညီနောင်မဟာသုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ နိုင်ငံတဝန်းမှာ တော်လှန်ရေးအင်အားစုတွေရဲ့ ဟန်ချက်ညီ ညီပူးတွဲ စစ်ဆင်ရေးတွေကြောင့် စစ်ကောင်စီတပ်ဟာ မြို့ ၈ မြို့အပါအဝင် တပ်စခန်း ၂၀၀ ကျော် လက်လွှတ် ထားရပါတယ်။ ဝါရင့်မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ဟံသာက စစ်အာဏာ ရှင်ပြုတ်ကျရေးတိုက်ပွဲမှာ EAO တွေ အားလုံးပါရင် မိမိတို့လည်း ပါဝင်တိုက်ခိုက်သွားမယ်လို့ ပြီးခဲ့တဲ့ ဇွန်လမှာ လွတ်လပ်သော မွန်သတင်းအေဂျင်စီနဲ့ အင်တာဗျူး ဖြေဆိုထားပါတယ်။
ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေ အများစုပါဝင်လာတဲ့ စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲမှာ မွန်ပြည်သစ်ပါတီအနေနဲ့ ပူးပေါင်းပါဝင်နိုင်ခြေရှိလား၊ မပါဝင်မှုကြောင့် ထိခိုက်လာနိုင်တဲ့ နိုင်ငံရေး ဂုဏ်သိက္ခာတွေနဲ့ ပတ်သက်ပြီး မွန်ပြည်ကာကွယ်ရေးတပ် (MSDF) စစ်ရေး၊ နိုင်ငံရေးဦးဆောင်ကော်မတီ ဥက္ကဌ ဒေါက်တာ သီရိမွန်ချမ်းနဲ့ ဆက်သွယ်မေးမြန်းချက်။
သံလွင်တိုင်းမ် – အရင်ဆုံး စစ်ကောင်စီဘက်လည်းမဟုတ်၊ တော်လှန်ရေးဘက်လည်း မဟုတ်တဲ့ ကြား နေမူဝါဒနဲ့ရပ်တည်နေတဲ့ မွန်ပြည်သစ်ပါတီအနေနဲ့ ဒီတိုက်ပွဲမှာ ပူးပေါင်းအဖွဲ့တွေနဲ့အတူ ပါဝင်လာနိုင်ခြေရှိ မလား။ မရှိနိုင်ဘူးလား။ ဘာကြောင့်ပါလဲ။
ဒေါက်တာ သီရိမွန်ချမ်း – အခုမျက်မှောက်အခြေအနေမှာ မွန်ပြည်သစ်ပါတီအနေနဲ့ တိုက်ပွဲဝင်နေကြတဲ့ ပူးပေါင်းအဖွဲ့တွေနဲ့အတူ ပါဝင်လာနိုင်ခြေ တော်တော်နည်းတယ်လို့ပဲ သုံးသပ်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ ၂၀၂၃ခုနှစ်နှစ်လယ်လောက်က အနည်းငယ်ပြောင်းလဲလာတဲ့ စကစနဲ့ နိုင်ငံရေးသဘောဆောင်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေ ဆက်မလုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ကိစ္စရယ်၊ နောက်တစ်ခုက တိုင်းရင်းသားလက်နက်ကိုင် တော်လှန် ရေးအဖွဲ့အစည်းများရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ဉီးဆောင်အဖွဲ့လို့ ခေါ်တဲ့ PPST ကနေနှုတ်ထွက်လိုက်တဲ့ ကိစ္စ အပြင် ယခုအချိန်အထိပေါ့နော်။ စကစကို ယတိပြတ်တော်လှန်ဖို့ အလားအလာသိပ်မတွေ့ရသေးဘူး။
မွန်ပြည်သစ်ပါတီအနေနဲ့ မွန်ပြည်ရဲ့ရေမြေအနေအထားရယ် စစ်ဖြစ်လာရင် မွန်ပြည်သူပြည်သားများရဲ့ အသက်အိုးအိမ်စည်းစိမ်လည်း ပျက်ပြားသွားမှာကို စိုးရိမ်လို့ စစ်ပွဲမဖော်ဆောင်သေးဘူးလို့ အကြောင်း ပြထားတာ ရှိတယ်။ တကယ့်တကယ်ကျတော့ ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခုရယ်လို့ မယုံကြည်ပါဘူး။ စစ်ပွဲတိုင်းမှာ အန္တရာယ်တစ်ခုခုနဲ့ ရင်ဆိုင်ရစမြဲပါ။ စစ်ပွဲအောင်နိုင်ရေးအတွက် နိုင်ငံရေး၊ စစ်ရေး၊ မဟာဗျူ ဟာရေးရာ အပြောင်းအလဲအရပ်ရပ်ကို သုံးသပ်ပြီးတော့ အန္တရာယ်အသွယ်သွယ်ကို ရင်ဆိုင်ကျော်ဖြတ်ရဲရ မှာပါ။ တော်လှန်ရေးယုံကြည်ချက် အပြည့်အဝနဲ့ ရပ်တည်ချက် ခိုင်ခိုင်မြဲမြဲရှိဖို့ လိုတယ်။
သံလွင်တိုင်းမ် – ဒီလိုမျိုး အဖက်ဖက်က စစ်ကောင်စီတပ်ကို ဝိုင်းတိုက်နေချိန်မှာ မွန်ပြည်သစ်ပါတီအနေနဲ့ အဆုံးအဖြတ်တိုက်ပွဲမှာ မပါဝင်ဘူးဆိုရင် သူတို့ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာအရ ရိုက်ခတ်မှု ရှိလာနိုင်မလား။ သုံးသပ်ပေးပါ။ နောက်ပြီး စိုးမိုးနယ်မြေတွေအပေါ်မှာရော ဘယ်လိုမျိုး သက်ရောက်မှု ရှိလာနိုင်မလဲ။
ဒေါက်တာသီရိမွန်ချမ်း – အခုလို အဖက်ဖက်က စကစကို ဝိုင်းတိုက်နေချိန်မှာ မွန်ပြည်သစ်ပါတီအနေနဲ့ အဆုံး အဖြတ်တိုက်ပွဲမှာ မပါဝင်လာဘူးဆိုရင် မွန်ပြည်သစ်ပါတီရဲ့ နိုင်ငံရေးဂုဏ်သိက္ခာတွေ မွန်ပြည်သူ ပြည်သား များမှာရော အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တစ်တိုင်းပြည်လုံး စကစကို အမြစ်ပြတ် တော်လှန်တိုက်ခိုက်နေကြတဲ့ ပြည်သူတွေအကြားမှာပါ တော်တော်လေး သိက္ခာကျဆင်းသွားမှာပါ။ ဘာဖြစ်လို့ လဲဆို တော်လှန်ရေးသမိုင်းအစဉ်အလာအရ မွန်ပြည်သစ်ပါတီက အမျိုးသားရေး၊ ဒီမိုကရေစီအရေးနဲ့ မွန်တို့်ရဲ့ ကံကြမ္မာကို မွန်တို့ဖန်တီးခွင့်ရရှိရေးအတွက် လက်နက်ကိုင်တိုက်ပွဲနဲ့အရယူဖို့ ကြွေးကြော်လာခဲ့တဲ့ လက်နက် ကိုင် တော်လှန်ရေးပါတီတစ်ခုပါ။ ဒါကြောင့် အခုလိုမျိုး စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ်အမျိုးမျိုး အမြစ်ပြုတ် တိုက်ခိုက်နိုင်ရေးအတွက် နှစ်၇၀ကျော် တော်လှန်ရေးခရီးတစ်လျှောက်မှာ ဘာမှမရလာခဲ့ဘူးတဲ့ အခွင့်အရေး ကောင်းတစ်ခုကို လက်လွှတ်အဆုံးရှုံးခံလိုက်ရင် မွန်ပြည်သူပြည်သားများအပါအဝင် ဘယ်သူတစ်ဦးတစ် ယောက်ကမှ လေးစားလာမှာ မဟုတ်ဘူး။
အခုချိန်မှာ မွန်ပြည်သစ်ကို ထောက်ခံနေတဲ့ လက်တစ်ဆုပ်စာ မွန်ပြည်သူတချို့တလေမှအပ မွန်ပြည်သူ ပြည်သားများက မွန်ပြည်သစ်ပါတီရဲ့တော်လှန်ရေး ဖြတ်သန်းမှုမရှိတဲ့အပေါ် ဝေဖန်သံတွေ ပိုပြီးကျယ်လောင် လာတယ်။ မွန်ပြည်သစ်ပါတီက စစ်ရေးအရပြတ်ပြတ်သားသား လှုပ်ရှားဖို့ မလုပ်တာတောင်မှ မွန်ပြည်သူပြည် သားတချို့မှာ စစ်ဘေးစစ်ဒဏ်ကို အလူးအလဲခံနေရတာပဲ။ ဒါ့အပြင်မိမိတို့ စိုးမိုးနယ်မြေမှာလည်း နိုင်ငံရေး၊ စစ်ရေးအရ အများကြီးသက်ရောက်လာနိုင်တယ်။ နိုင်ငံရေး၊ စစ်ရေးအရ မွန်ပြည်သစ်ထိန်းချုပ်ဝန်းကျင်မှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာခဲ့တယ်။ နောက်ပြီးတော့ မွန်ပြည်သစ်ပါတီရဲ့ အခြားအကြောင်းပြချက်တစ်ခု ဖြစ်တဲ့ မွန်ပြည်သစ်က စကစနဲ့ ငြိမ်းချမ်းရေး ထိန်းထားနိုင်ရင် မွန်ပြည်သူပြည်သားတွေ အေးအေးချမ်းချမ်း နေုနိုင်မယ်ဆိုတဲ့ အကြောင်းပြချက်က အခုတလော စစ်ရေးအကြောင်းပြချက်နဲ့ စစ်ဘေးစစ်ဒဏ်တွေက အဓိပ္ပါယ်မရှိဘူးဆိုတာ မွန်ပြည်သူပြည်သားများ ဒါနားလည်လာစပြုလာပြီ။ မကြာမီပွင့်လင်းရာသီမှာ မွန်ပြည်နယ်တစ်ဝှမ်းမှာ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တိုးချဲ့လာမယ့် စစ်ရေးလှုပ်ရှားမှုတွေက မွန်ပြည်သစ်ပါတီရဲ့ စိုးမိုးနယ်မြေတွေမှာ အတော်လေး သက်ရောက်လာမှာပါ။
သံလွင်တိုင်းမ် – မွန်ပြည်သစ်ပါတီအနေနဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ လူထုတွေထိမှာစိုးတဲ့ အကြောင်း ပြချက်က ဒီကာလမှ တကယ်ရော သင့်တော်ရဲ့လား။ သူတို့အနေနဲ့ လက်နက်ခဲယမ်း လူအင်အားကြောင့် မတိုက်ခိုက်ချင်တာလား။ဘယ်လိုမြင်လဲ။
ဒေါက်တာသီရိမွန်ချမ်း – မွန်ပြည်သစ်ပါတီအနေနဲ့ စကစကိုတိုက်ခိုက်ဖို့ လူထုတွေထိခိုက်မှာစိုးတဲ့ အကြောင်း ပြချက်က အခုချိန်မှာ သင့်တော်မှန်ကန်တဲ့ အကြောင်းပြချက်တစ်ခုရယ်လို့ မမြင်ဘူး။ မွန်ပြည်သစ်က စကစကို မတိုက်ခိုက်တာတောင်မှ မွန်ပြည်သူပြည်သားတွေ စစ်ဘေးစစ်ဒဏ်ကို ခံနေရတာပါပဲ။ အခုလိုမျိုး တစ်နိုင်ငံလုံး အရှေ့အနောက်တောင်မြောက် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဒေသအသီးသီးမှာ တော်လှန်ရေးအ ဖွဲ့အစည်းတွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးချဲ့လာနေတဲ့အတွက် မွန်ပြည်သစ်က စကစကို တိုက်ခိုက်သည် ဖြစ် စေ၊ မတိုက်ခိုက်သည်ဖြစ်စေ မွန်ပြည်နယ်က စစ်ဘေးစစ်ဒဏ်ကနေ ရှောင်လွှဲလို့ရမှာမဟုတ်ဘူး။ မွန်ပြည်သူ ပြည်သားတွေလည်း စစ်ဘေးစစ်ဒဏ်ကနေ ကင်းဝေးနေနိုင်မှာ မဟုတ်ဘူး။
ဒါကြောင့် ဒီအကြောင်းပြချက်က မျက်မှောက်နိုင်ငံရေး၊ စစ်ရေးအခြေအနေအရပ်ရပ်နဲ့ အံဝင်ဂွင်ကျဖြစ်ပြီး ယုတ္တိတန်တဲ့ အကြောင်းပြချက်တစ်ခု မဟုတ်ပါဘူး။ နောက်ပြီး သူတို့ရဲ့လက်နက်ခဲယမ်းလူအင်အားကြောင့် မတိုက်ခိုက်ခဲ့ချင်တာလည်း မဟုတ်ပါဘူး။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုခုမှာ လုံးဝ ပြည့်စုံမှ တိုက်ခိုက်ရတဲ့ အစဉ်အလာမရှိပါဘူး။ မွန်တော်လှန်ရေးမှာလည်း မွန်တို့ရဲ့ကံကြမ္မာကို မွန်တို့ဖန်တီးနိုင်ဖို့ အတွက် ရရာလက်နက်စွဲကိုင်ပြီး စတင်တော်လှန်တိုက်ခိုက်ခဲ့ကြတာပဲ။ အခုနွေဦးတော်လှန်ရေးမှာလည်း အရင်တုန်းက လူအင်အား၊ လက်နက်အင်အား ၂၀၀လောက်သာ ရှိခဲ့တဲ့ ချင်းအမျိုးသားတပ်ဦးက စကစကို တော်လှန်တိုက်ခိုက် လို့ လူအင်အား၊ စစ်သည်အင်အား ထောင်နဲ့ချီဖြစ်လာပြီးတော့ ချင်းအိန္ဒိယနယ်စပ်မြို့ ကိုတောင် တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့တာပဲ။ မွန်ပြည်သစ်လည်း ဒီအတိုင်းပါပဲ။ အမျိုးသားရေး၊ ဒီမိုကရေစီအ ရေးနဲ့ တော်လှန်ရေးအတွက် ပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ရင်း မွန်ပြည်သူတွေရဲ့ လူအင်အား၊ လက်နက်အင်အားတွေနဲ့ အင်အားဖြည့် ဖို့ မခဲယဉ်းပါဘူး။ မွန်ပြည်သစ်ပါတီက ပြတ်ပြတ်သားသားနဲ့ လက်နက်ကိုင်တိုက်မယ်ဆို ကျွန်တော်တို့လို မွန်ပြည် ကာကွယ်ရေးတပ်တောင်ဖွဲ့ဖိုမလိုပဲ မွန်ပြည်သစ်နဲ့အတူ လက်တွဲပြီး တိုက်ပွဲဝင်လာခဲ့မှာပါ။
သံလွင်တိုင်မ်း – နောက်ဆုံးတစ်ချက်အနေနဲ့ မွန်အခမ်းအနားတွေ အထိမ်းအမှတ်နေ့တွေမှာဆိုရင် ခေါင်း ဆောင်တွေ မွန်မျိုးချစ်တွေက အမြဲပြောနေကြ ဝေါဟာရတစ်ခုရှိတယ်။ အဲဒါက ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး ခွင့်ပေါ့လေ။ဆို တော့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရဖို့ မွန်လူမျိုးတွေကို ဦးဆောင်နေတဲ့ အကာကွယ်ပေးနေတဲ့ မွန်ပြည်သစ်ပါတီက ဘယ်လိုတွေ ဆက်လုပ်သင့်တယ်လို့ မြင်လဲ။
ဒေါက်တာသီရိမွန်ချမ်း – မွန်ခေါင်းဆောင်တွေ၊ မွန်မျိုးချစ်ပုဂ္ဂိုလ်တွေ ပြောလေ့ပြောထရှိတဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရဖို့အတွက် မွန်ပြည်သစ်ပါတီရော၊ မွန်လက်နက်ကိုင်အဖွဲ့အစည်းအားလုံးရော၊ မိမိတို့ တော်လှန် ရေးယုံကြည်ချက်နဲ့ တော်လှန်ရေးပန်းတိုင် မပျောက်ဖို့လိုတယ်။ ဗမာပြည်ရဲ့သမိုင်းအစဉ်အလာနဲ့ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခအရပ်ရပ်ကြောင့် မွန်အပါအဝင် တိုင်းရင်းသားတွေရဲ့ မွေးရာပါကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရနိုင်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲမှတစ်ပါး အခြားလမ်းကြောင်း မရှိတော့ဘူးလို့ မွန်တော်လှန်ရေးခေါင်း ဆောင်တွေ မွန်ပြည်သူပြည်သားတွေက ယုံကြည်လက်ခံလာတယ်။
မွန်တွေရဲ့ လက်နက်ကိုင်တော်လှန်ရေး တိုက်ပွဲအစပြုလာခဲ့တဲ့ ၁၉၄၈ ကနေ အခုချိန်ထိ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲတွေ၊ ပစ်ခတ်ရပ်စဲရေးတွေ အကြိမ်ကြိမ်ပြုလုပ်လာခဲ့တယ်။ ၁၉၅၈ခုနှစ်မှာ အရင်တုန်းက ဉီးနုအ စိုးရလက်ထက်မှာ မွန်ပြည်သစ်ပါတီရဲ့ နောင်တော်တော်လှန်ရေးပါတီဖြစ်တဲ့ မွန်ပြည်သူ့တပ်ဦးက လက်နက် ကိုင်တော်လှန်ရေး ယုံကြည်ချက်နဲ့ ပန်းတိုင်ကို စွန့်လွှတ်ပြီးတော့ တွေ့ဆုံဆွေးနွေးရေးဘက် ဇောင်းပေးလာ ခဲ့ပေမယ့် ဘာမှမထူးလာခဲ့ဘူး။ ဒါကြောင့်မို့ မွန်ပြည်သစ်ပါတီရော နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ မိမိတို့ မွန်ပြည်ကာကွယ်ရေးတပ်အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံး မိမိတို့မွန်ကံကြမ္မာကို မိမိ တို့ ဖန်တီးခွင့်ရနိုင်ရေးအတွက်၊ အမျိုးသားရေးဒီမိုကရေစီအရေးအတွက် အခုချိန်မှာ လက်နက်ကိုင်တိုက်ပွဲက ပိုပြီး အရေးပါလာတယ်။ တစ်တိုင်းပြည်လုံးအနှံ့ မြို့သိမ်းတိုက်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲတွေ အရှိန်အဟုန်နဲ့ တိုက်ပွဲဝင်နေကြတဲ့အချိန်မှာ မိမိတို့ မွန်ပြည်သစ်ပါတီနဲ့ မွန်တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံးလည်း မိမိတို့ တော်လှန်ရေး ယုံကြည်ချက်ပန်းတိုင်ဖြစ်တဲ့ မိမိကံကြမ္မာ မိမိဖန်တီးခွင့်ရရေးအတွက် ပြတ်ပြတ်သား သား တိုက်ပွဲဝင်ဖို့ အချိန်အခါ ဖြစ်ကြောင်း ယုံကြည်လက်ခံပြီး အလေးအနက်တိုက်တွန်းအပ်ပါတယ်။