မော်လမြိုင်၊နိုဝင်ဘာ ၃၀

မိခင်ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ စာရေးသားဆက်သွယ်ခွင့်ကို အခုအချိန်အထိ စစ်ကောင်စီက ခွင့်မပြုသေးဘူးလို့ သားဖြစ်သူကင်အဲရစ်က နိုင်ငံတကာမီဒီယာတွေကို ပြောကြားလိုက်ပါတယ်။

ကင်အဲရစ်ဟာ မိခင်ဖြစ်သူနဲ့ စာရေးသား ဆက်သွယ်ခွင့်အပါအဝင် အခြားနည်းတွေနဲ့ ဆက်သွယ်တွေ့ဆုံခွင့်ရရှိဖို့ စစ်ကောင်စီရဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကနေတဆင့် တောင်းဆိုထားပေမယ့် လက်ရှိအချိန်အထိ ခွင့်မပြုသေးဘူးလို့ သူကဆိုပါတယ်။

ကင်အနေနဲ့ နေပြည်တော်မှာ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ မိခင်ဖြစ်သူကို ဆက်သွယ်ခွင့်မရရုံမျှမကဘဲ ထောင်ဝင်စာတွေ့ခွင့်နဲ့ အခြားအသုံးအဆောင် ဆေးဝါးပစ္စည်းတွေပေးပို့ခွင့်ကိုလည်း စစ်ကောင်စီက ငြင်းဆန်ထားထာပါ။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုဝင်တွေအပါအဝင် ဘယ်သူနဲ့မှတွေ့ဆုံခွင့် မပြုထားပါဘူး။

အနီးစပ်ဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာနောက်ဆုံးတွေ့ခွင့်ရခဲ့တာဖြစ်ပြီး ရှေ့နေအဖွဲ့ဘက်ကလည်း သူမရဲ့အမှုနဲ့ပတ်သက်ပြီး တွေ့ဆုံခွင့်ရဖို့တောင်းဆိုထားပေမယ့် စစ်ကောင်စီက ပိတ်ပင်ထားတာပါ။

စစ်တပ်အနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူအနေနဲ့ တရားဝင်တွေ့ဆုံခွင့်တောင်းလာပါက တွေ့ခွင့်ပေးဖို့ စဉ်းစားသွားမယ်လို့ ပြောဆိုထားတာရှိပေမယ့်လည်း လက်တွေ့မှာတော့ ခွင့်မပြုဘဲပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်နေ့က သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ် ၂၅ နဲ့စွဲထားတဲ့ အမှုနှစ်မှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မ – ၆၇၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ – ၈ နဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၅၀၅ (ခ) စတဲ့ အမှုငါးမှုကနေ စုစုပေါင်း ထောင်ခြောက်နှစ် ချထားတာတွေကို လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ပေမယ့် မိသားစုဝင်တွေနဲ့ ဆက်သွယ်ခွင့်ကိုတော့ ပိတ်ပင်ထားမြဲ ဖြစ်ပါတယ်။

သတင်း -သံလွင်တိုင်းမ်

ဓာတ်ပုံ – Daily Mail

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.