ကုန်းကြမ်း၊ နိုဝင်ဘာ ၃၀

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာန ချုပ်လက်အောက်ရှိ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးတပ်ရင်းနှစ်ရင်းအထိ လက်နက်ချအလင်းဝင်လာပြီးနောက် ကုန်းကြမ်းမြို့ကို ထိန်းချုပ်လိုက်ပြီလို့ MNDAA က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့မှာ ကိုးကန့်အထူးဒေသ (၁) ရှီးရှမ်းဒေသ၊ရန်ခွမ့်ရွာက ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း အမှတ် (၁၂၉) ခြေမြန် တပ်ရင်းတစ်ရင်းလုံးရှိ စစ်သည်တွေနဲ့ မိသားစုဝင်တွေ MNDAA ထံ လက်နက်ချအလင်းဝင်ခဲ့တာပါ။

အဲဒီနောက် နိုဝင်ဘာ ၂၈ ရက်နေ့ကလည်း ကိုးကန့်ဒေသအခြေစိုက် လောက်ကိုင် (ဒကစ) လက်အောက်ခံတပ်ရင်းဖြစ်တဲ့ အမှတ် ၁၂၅ ခြေလျင်တပ်ရင်းက လက်နက်ချအလင်းဝင်လာခဲ့တာ ဖြစ်ပါတယ်။

“၂၈ ရက်နေ့ မနေ့က ခလရ ၁၂၅ က ကျွန်တော်တို့ဆီ လက်နက်ချအလင်းဝင်လာခဲ့တယ်။ အဲဒီလို အလင်းဝင်လာခဲ့ပြီးတော့ ကျွန်တော်တို့ ကုန်းကြမ်းကိုသိမ်းပိုက်နိုင်ခဲ့တာပေါ့။ ကုန်းကြမ်းဒေသ ကျွန်တော်တို့ ကိုးကန့်အခေါ် ကိုးကန့်ခရိုင် ရှင်းဝမ်းဒေသတစ်ခုလုံးကို ကျွန်တော်တို့ ထိန်းချုပ်ထားနိုင်ပြီလို့ ပြောလို့ရပါတယ်ဗျ”လို့ MNDAA ပြောခွင့်ရ လီကျားဝင်းက အတည်ပြုပါတယ်။

MNDAA ထိန်းချုပ်လိုက်တဲ့ ကုန်းကြမ်းမြို့ဟာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ခရိုင်ထဲမှာရှိတဲ့ တရုတ် – မြန်မာနယ်စပ်မြို့ဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက်နေ့မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာခဲ့ပါတယ်။

လက်ရှိမှာတော့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲမှာ ကုန်းကြမ်းမြို့နဲ့ ချင်း‌ရွှေဟော်မြို့တို့ကို MNDAA က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီး လောက်ကိုင်နဲ့ မော်ထိုက်မြို့နှစ်မြို့သာ ကျန်ရှိတော့တာပါ။

MNDAA အနေနဲ့ လောက်ကိုင်မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့ မြို့တွင်းရှိ လူထုတွေကို ဘေးလွတ်ရာ တိမ်းရှောင်ဖို့ အသိပေးထားပြီး နိုဝင်ဘာ ၂၆ ရက်ကနေ ၂၈ ရက်နေ့အထိ စစ်ဘေးရှောင်သုံးသောင်းကျော်ကို လောက်ကိုင်-ချင်းရွှေဟော်ကတဆင့် လားရှိုးနဲ့ နမ့်တစ်ဒေသစတဲ့ လုံခြုံတဲ့နေရာဆီ ပြောင်းရွှေ့ထားပါတယ်။

MNDAA ပြောခွင့်ရ လီကျားဝင်းကတော့ “အခြေအနေကတော့ မြို့တွင်းမှာ ဆက်လက်နေထိုင်တဲ့ အရပ်သားပြည်သူတွေရှိသလို နယ်စပ်မှတ်တိုင် ၁၂၅ မှာ စစ်ဘေးရှောင်စခန်းမှာ နေထိုင်တဲ့သူတွေလည်း အများကြီးရှိပါတယ်။တခြားနေရာမှာ စစ်ဘေးရှောင်နေတဲ့ အရပ်သားတွေ အခက်ခဲတော့ ပေါင်းစုံပါ။စားနပ်ရိက္ခာ၊ ရေး၊ မီးပေါ့နော်။ပြီးတော့ အသက်ဘေးအန္တရာယ်ကအစ တော်တော်လေးကို ခက်ခဲနေပါတယ်”လို့ ဆက်လက် ပြောကြားခဲ့ပါတယ်။

လောက်ကိုင်ကနေ စစ်‌ဘေးရှောင်လာကြသူတွေကို “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က နေထိုင်စားသောက်ရေးအပါအဝင် သွားလာရေးတွေကိုလည်း အကောင်းဆုံးဖြစ်အောင် ကူညီဆောင်ရွက်ပေးနေတယ်လို့ လီကျားဝင်းက ဆိုပါတယ်။

လက်ရှိ တိုက်ပွဲအခြေအနေအပါအဝင် လက်နက်ချအလင်းဝင်လာသူ အရေအတွက်နဲ့ ရရှိထားတဲ့ လက်နက်ခဲယမ်းပစ္စည်းတွေကိုတော့ စာရင်းပြုစုစိစစ်နေဆဲဖြစ်ပြီး အသေးစိတ်ကိုတော့ ထုတ်ပြန်ပေးသွားမယ်လို့ သူကဆက်ပြောပါတယ်။

MNDAA ရဲ့ စစ်‌ရေးသတင်းတွေကို ဖော်ပြနေတဲ့ ကိုးကန့်မီဒီယာရဲ့ ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ကျောက်မဲနဲ့လားရှိုးကြားရှိ ခုတန်စေတီ High Point ကို MNDAA ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ပြီးနောက် ကုန်းကြမ်းတပ်စခန်းတစ်ခုနဲ့ ကျောက်မဲစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကိုးကန့် ရှင်းဝမ့်ဒေသ ကုန်းကြမ်း ရှင်းကိုင်းနေရာရှိ စစ်ကောင်စီတပ်စခန်းကိုလည်း အောင်မြင်စွာ တိုက်ခိုက်သိမ်းယူနိုင်ပြီး စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးပြီး ဒဏ်ရာရသူတချို့ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲရဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်လအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ ၆ မြို့အပါအဝင် စစ်ကောင်စီတပ်စခန်း ရာနဲ့ချီကို တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-The Kokang

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.