မော်လမြိုင် – နိုဝင်ဘာ ၂၈

အာဏာသိမ်းစစ်ကောင်စီဟာ စစ်ရေးအရှုံးတွေနဲ့ တလှိုင်းပြီး တလှိုင်းအဖုံးဖိခံရပြီးနောက်ပိုင်း တရုတ်နဲ့ မြန်မာကြား လူမျိုးရေးအမုန်းမီးပွားအောင် မှိုင်းတိုက်လုပ်ဆောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ ၃၇ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။

“တရုတ်နဲ့ လူမျိုးရေးသွေးထိုးပြီး တရုတ်ဆန့်ကျင်ရေး ဖြစ်ပေါ်လာအောင် လုပ်ဆောင်နေတာ ထင်ရှားပါတယ်။ ဒါကို ကျွန်တော်တို့အားလုံးအပါအဝင် လူထုတစ်ရပ်လုံးလည်း ကျယ်ကျယ် ပြန့်ပြန့် သတိရှိဖို့ လိုတယ်လို့ ယူဆပါတယ်” လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။

ဒါ့အပြင်စစ်ကောင်စီဟာ သူတို့ရဲ့ စစ်အုပ်စုအကျိုးစီးပွားအတွက် ဘယ်လိုမသမာမှုမျိုးကိုမဆို ကျူးလွန်ဖို့ အသင့်ရှိနေသလို ပြည်တွင်းမှာလည်း လူမျိုးရေးသွေးခွဲပြီး ဘာသာရေးမှိုင်းတိုက်တာတွေကိုလည်း လုပ်ဆောင်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင်လုပ်နေတာဖြစ်တယ် လို့ ပြောပါသေးတယ်။

နွေဦးတော်လှန်ရေးရဲ့ တစ်ဆစ်ချိုးစစ်ရေးအောင်ပွဲအဆင့် တက်လှမ်းနိုင်ခဲ့ပြီးဖြစ်သလို NUG နဲ့ တိုင်းရင်းသား မဟာမိတ်တော်လှန်ရေး အင်အားစုတွေအားလုံးမှာ လုပ်စရာတွေ အမြောက်အများ ကျန်ရှိနေတယ်လို့ ဆိုထားပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့ ခုခံတော်လှန်စစ်အောင်ပွဲတွေကို စစ်ရေး ထိုးစစ်အောင်ပွဲတွေအဖြစ် အသွင်ပြောင်းပြီး မိမိတို့ရဲ့ တော်လှန်ရေး ကိုယ်ခံအားကို မြှင့်တင်ထားကြဖို့ ပန်းမဝင်ခင် တက်မထောက်ကြဖို့နဲ့ သိုဝှက်ထားသင့်တဲ့ ကိစ္စတွေကို သိုသိုသိပသိပ် သတိရှိရှိနဲ့ လုပ်ဆောင်ကြဖို့လည်း ယာယီသမ္မတက သတိပေးထားပါတယ်။

အစည်းအဝေးမှာ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ဒုဝန်ကြီး ဦးမင်းဇေယျာဦး က ကြားကာလ ဗဟိုဘဏ်အနေနဲ့ ကောလင်းမြို့အတွင်းမှာရှိတဲ့ ဘဏ်တွေစီမံထားရှိမှုအခြေအနေကို တင်ပြအစီရင်ခံတာနဲ့ ဆုံးဖြတ်ချက်ရယူတာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.