ဆိုးလ်၊နိုဝင်ဘာ ၂၆

တရုတ်၊ဂျပန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေ တွေ့ဆုံမယ့် ထိပ်သီးအစည်းအဝေးပြန်လည်စတင်ဖို့အတွက် သက်ဆိုင်ရာထိပ်တန်းသံတမန်တွေဟာ တောင်ကိုရီးယားနိုင်ငံမှာ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က စတင်ခဲ့တဲ့ သုံးပွင့်ဆိုင်ထိပ်သီးအစည်းအဝေးကို ကိုဗစ်ကပ်ဘေးနဲ့ တခြားအခြေအနေတွေကြောင့် ၂၀၁၉ ခုနှစ်ကတည်းက မကျင်းပနိုင်တော့တာပါ။

အာရှထိပ်သီးသုံးနိုင်ငံဟာ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာကဏ္ဍတွေမှာ မိတ်ဖက်အဖြစ် မှတ်ယူထားကြပေမယ့် ကမ္ဘာစစ်အတွင်းက ဂျပန်ရဲ့ ရက်စက်မှုတွေ၊ အမေရိကန်နဲ့ တရုတ်တို့ရဲ့အားပြိုင်မှုတွေအပြင် မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်တွေကြောင့် ဆက်ဆံရေး အေးခဲလာတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ သက်ဆိုင်ရာခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့အပါအဝင် ဒေသတွင်းနဲ့ တခြားသောနိုင်ငံတကာကိစ္စတွေ ဆွေးနွေးကြဖို့အတွက် တောင်ကိုရီးယားနိုင်ငံမှာ တွေ့ဆုံဖို့ရှိနေတာပါ။

တောင်ကိုရီးယားနဲ့ဂျပန်တို့ဟာ တရုတ်ရဲ့ပြိုင်ဘက်အမေရိကန်ရဲ့ ဒေသတွင်းအဓိက မဟာမိတ်နိုင်ငံတွေဖြစ်ကြပြီး အဲဒီနိုင်ငံတွေရဲ့ မြေပြင်မှာ ကန်တပ်ဖွဲ့ဝင် ၈၀၀,၀၀ ကို လက်ခံထားတယ်လို့ သိရပါတယ်။

တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ ဆက်ဆံရေးဟာလည်း ကိုရီးယားကျွန်းဆွယ်ကို ကိုလိုနီပြုတာကနေ အစပြုတဲ့ ပြဿနာတွေကြောင့် နောက်ပိုင်းမှာ ဆက်ဆံရေး ယိုယွင်းလာတယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ဒါပေမယ့် တောင်ကိုရီးယားသမ္မတရဲ့ မြောက်ကိုရီးယားနျူခြိမ်းခြောက်မှုအပါအဝင် တခြား သောပြဿနာတွေကို ကိုင်တွယ်ဖြေရှင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့လုပ်ဆောင်နေတဲ့ အစီအစဉ်တွေကြောင့် နှစ်နိုင်ငံဆက်ဆံရေးပြန်လည် ကောင်းမွန်လာတယ်လို့ သိရပါတယ်။

ဂျပန်နဲ့ တရုတ်တို့ဟာလည်း ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ရဲ့ ရက်စက်မှုတွေနဲ့ နှစ်ဖက်ပိုင်ဆိုင်ထားတဲ့ အရှေ့တရုတ်ပင်လယ်က ကျွန်းစုတွေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေရှိနေတာဖြစ်ပါတယ်။

မကြာသေးခင်ကလည်း ဂျပန်ရဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံက ရေဆိုးစွန့်ထုတ်မှုကို ကန့်ကွက်တဲ့အနေနဲ့ တရုတ်နိုင်ငံဟာ ဂျပန်ရဲ့ ပင်လယ်စာတင်သွင်းမှုကို တားမြစ်ခဲ့ပါသေးတယ်။

Ref: AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.