မုန်း၊ နိုဝင်ဘာ ၂၄
ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေ မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်တွေထဲမှာ စစ်ကောင်စီတပ်ရဲ့ နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၂ ဦး အပါအဝင် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တို့မှာ KNU မုန်းမြို့နယ်ထဲက ကျေးရွာတွေဖြစ်ကြတဲ့ ဝက်တူးအနောက်၊ သင်္ကန်းပင်၊ ဇလုပ်ကြီး၊ ရှားပင်ချောင်း၊ မငြိမ်းစု၊ ငါးဆီလှော်၊ တဲစု၊ သဲကုန်း၊ ငနွားဆိပ်စတဲ့ ကျေးရွာတွေထဲကို စစ်ကောင်စီလေတပ်က နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခဲ့တာပါ။
အဲဒီလေကြောင်းတိုက်ခိုက်မှုထဲမှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာလေယာဉ်နဲ့ ရဟတ်ယာဉ်တွေက စက်သေနတ်နဲ့ ပစ်ခတ်မှု ၆ ကြိမ်၊ ဗုံးကြဲတိုက်ခိုက်မှု ၆ ကြိမ် စုစုပေါင်း ၁၂ ကြိမ်အတွင်း ပေါင် ၅၀၀ ဗုံး ၇ လုံး ကြဲချခဲ့ပြီး စက်သေနတ်နဲ့ အလုံးရေအများအပြား ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ငနွားဆိပ်ကျေးရွာက အသက် ၅ နှစ်အောက် ကလေးငယ် ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးအပါအဝင် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နွား ၂ ကောင်နဲ့ ကျွဲ ၁ ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်လည်း ကျည်စထိမှန်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် KNU တပ်မဟာ ၃ နယ်မြေ ကျောက်ကြီးမြို့နယ်ထဲမှာ နိုဝင်ဘာ ၁၆ ရက်နေ့နဲ့ ၂၀ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်နဲ့ သဲကုန်းကျေးရွာထဲကို ၆ ကြိမ်ပစ်ခတ်ခဲ့ပြီး သမင်အင်းကုန်းကျေးရွာထဲကိုလည်း ဂျက်တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံးကြဲချခဲ့သလို စက်သေနတ်နဲ့ ၂ ကြိမ် ပစ်ခတ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သမင်အင်းကုန်းရွာနေ ဒေသခံတစ်ဦးရဲ့ နေအိမ်လည်း ဗုံးထိမှန်ကာ မီးလောင်ပြာကျ ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။
KNU ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီတပ်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေ ရှိနေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU