ရေး၊ နိုဝင်ဘာ ၂၄

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီက သူတို့ထိန်းချုပ်ဒေသမှာရှိတဲ့ မွန်ကျေးရွာတွေမှာ ကာကွယ်ရေးအဖွဲ့ ဖွဲ့ဖို့ ကျေးရွာနေ ဒေသခံမွန်လူထုတွေဆီက ငွေကြေးကောက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မွန်ပြည်သစ်ထိန်းချုပ်ဒေသအတွင်းရှိ မွန်ရွာတွေမှာ ကျေးရွာကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းပြီး လက်နက်တွေဝယ်ယူဖို့ တစ်ရွာသေနတ် ၃ လက်အတွက် ဒေသခံတွေထံ ငွေကြေးကောက်ယူမှုတွေ ရှိနေတယ်လို့ မွန်ပြည်သစ်ပါတီနဲ့ နီးစပ်သူတွေ၊ ဒေသခံတွေထံကနေ စုံစမ်းသိရှိရပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ မွန်ပြည်သစ်ထိန်းချုပ်ထားတဲ့ မွန်ကျေးရွာတွေဖြစ်တဲ့ ကော့ဘိန်း၊ ကော့ပေါက်၊ ကော့မိတ်၊ ဘုရားကြီး၊ မင်းရွာစတဲ့ ရွာကြီးတွေနဲ့ ကျေးရွာအုပ်စုအတွင်းရှိ ရွာ ၂၀ နီးပါး ပါဝင်တယ်လို့ ကော့ဘိန်းဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီကျေးရွာအတွင်း အိမ်ထောင်စုများတဲ့ရွာကိုတော့ တစ်အိမသုံးသောင်းနဲ့ အိမ်ထောင်စုနည်းတဲ့ ရွာကိုတော့ တစ်အိမ်တစ်သိန်းနဲ့အထက်ပေးဖို့ မွန်ပြည်သစ်ဘက်က နှစ်ပတ်အချိန်ပေးခဲ့ပြီး ဒေသခံတွေ သဘောမတူကြတာလည်း ရှိတယ်လို့ ဆိုပါတယ်။

“ရွာက ဒီလောက်ညည်းနေတယ်လေ။ မရှိတဲ့လူဆို အခုလုပ်စားရလည်း ခက်တယ်။ ပိုက်ဆံကလည်း လုပ်ရခက်တဲ့အချိန်မှာ သူတို့က ပိုက်ဆံတောင်းတယ်၊ ငြင်းတယ်။ တချို့အိမ်က တစ်သောင်း ၊ နှစ်သောင်းထည့်တယ်။ အပြီးထည့်တဲ့အိမ်က နည်းတယ်လေ။ ရပ်ရွာက သဘောမတူဘူး။ အဲဒီလိုမျိုး ဖြစ်နေတယ်”လို့ ကော့ဘိန်းဒေသခံက ပြောပါတယ်။

လက်ရှိမှာတော့ လက်နက်ဝယ်ဖို့အတွက် ကျေးရွာနေပြည်သူတွေထံ အခုရက်ပိုင်းအတွင်းမှာတင် ရပ်ကွက်ထဲက လူ ၃၊၄ ယောက်ကနေ လာကောက်ယူပြီး တတ်နိုင်တဲ့ ပမာဏနဲ့ နှစ်ရစ်ခွဲပေးလိုက်ကြတာရှိတယ်လို့ ဆိုပါတယ်။

မွန်ကျေးရွာတွေအတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ရင် ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ထိခိုက်မှာစိုးတဲ့အတွက် ကာကွယ်ရေးအဖွဲ့ ဖွဲ့တာလို့ မွန်ပြည်သစ်နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် အခုနှစ်ဆန်းပိုင်းတုန်းကလည်း မွန်ပြည်သစ်ထိန်းချုပ်ဒေသ ကမ်းနီးကျေးရွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် မွန်ပြည်သစ်ပါတီအနေနဲ့ သထုံခရိုင်အတွင်း ပြည်သူ့စစ်အဖွဲ့ ဖွဲ့ထားတာ ရှိတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီတပ် အရေးနိမ့်လာနေတဲ့အတွက် စစ်တပ်ယန္တရားပြိုလဲသွားရင် မွန်ကျေးရွာတွေဟာ လက်နက်ကိုင်တစ်ဖွဲ့တစ်ခုခုအောက် မရောက်ရှိဖို့ မွန်ပြည်သစ်ပါတီအနေနဲ့ အဲဒီကျေးရွာတွေမှာ အုပ်ချုပ်ရေးခိုင်မာဖို့ လိုတယ်လို့ မွန်အရေးလှုပ်ရှားသူတွေက ထောက်ပြကြတာလည်း ရှိနေပြန်ပါတယ်။

လက်ရှိမှာလည်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကနေ စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ချင်း၊ ကရင်နီ၊စစ်ကိုင်းနဲ့ ရခိုင်တို့မှာလည်း စစ်ကောင်စီအထိနာနေပြီး စစ်ဘောင်ဟာ မွန်နဲ့ကရင်ဘက်ကိုလည်း တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာနေတာပါ။

မွန်အရေးလုပ်ဆောင်နေသူတစ်ဦးက ဒီအခြေအနေတွေကြောင့် မွန်ကျေးရွာတွေမှာ လုံခြုံရေးအရ မွန်ပြည်သစ်ဦးဆောင်တာဖြစ်ဖြစ် တခြားတိုင်းရင်းသား လက်နက်ကိုင်တဖွဲ့ဖွဲ့က တပ်အင်အားတိုးချဲ့ဖို့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စလို့ သုံးသပ်ပါတယ်။

“ဗုံးကြဲတိုက်ခိုက်တာတွေ လုံခြုံရေးတင်းကျပ်တာတွေ အများကြီးရှိတဲ့အခါကျတော့ မွန်ကျေးရွာတွေမှာလည်း လုံခြုံရေးအရ မွန်ပြည်သစ်က ဦးဆောင်တာပဲဖြစ်ဖြစ် တခြားတိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့ဖွဲ့က ဦးဆောင်တာပဲဖြစ်ဖြစ် ဒါကသူတို့ရဲ့ လုံခြုံရေး ဒါမှမဟုတ်ရင် သူတို့ရဲ့ တပ်အင်အားတိုးချဲ့ဖို့ လုပ်သင့်လုပ်ထိုက်တယ်လို့ သူတို့မြင်ပြီး လုပ်တာလို့ထင်တယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်၊ အဲဒါလုပ်လို့ရှိရင် အဓိကလူထုရဲ့ စိတ်ပါဝင်စားမှု‌ပေါ့”လို့ ဆိုပါတယ်၊။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အများစုဟာ တပ်သားစုဆောင်းတာ တပ်သားတိုးချဲ့တဲ့ကိစ္စရပ်ကို အဖွဲ့တိုင်းလိုလို လုပ်နေကျဖြစ်စဉ်ဖြစ်သလို စစ်ကောင်စီကလည်း ပြည်သူတွေကို စုဆောင်းနေတာရှိတဲ့အတွက် မွန်ပြည်သစ်ပါတီအနေနဲ့ အလားတူ တပ်အင်အားတိုးချဲ့ချင်တဲ့ ရည်ရွယ်ချက်တစ်ခုနဲ့ လုပ်တာလို့ သူ့အမြင်ကို ပြောပါတယ်။

သံလွင်တိုင်းမ်အနေနဲ့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသအတွင်းရှိ ကျေးရွာတွေမှာ ကာကွယ်ရေးအဖွဲ့ ဖွဲ့ဖို့ လက်နက်ဝယ်ယူရေး ငွေကြေးကောက်ခံတဲ့ ကိစ္စအပါအဝင် ပြည်သူ့စစ်ဖွဲ့တာတွေနဲ့ ပတ်သက်ပြီး ပါတီရဲ့ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်ထံ ၅ ကြိမ်ထက်မနည်း ဖုန်းခေါ်ဆိုခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မွန်ပြည်သစ်ပါတီဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)နဲ့အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

ဒါပေမဲ့ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသွားမယ်ဆိုတဲ့ မွန်ပြည်သစ်ပါတီဟာ မွန်လူထုတွေ ကန့်ကွက်နေတဲ့ကြားက စစ်ကောင်စီနဲ့ ၆ ကြိမ်အထိ ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာကတော့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲမှာ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေ အားလုံးပါရင် သူတို့လည်း ပါဝင်တိုက်ခိုက်သွားမယ်လို့ ပြီးခဲ့တဲ့ ဇွန်လမှာ လွတ်လပ်သော မွန်သတင်းအေဂျင်စီနဲ့ အင်တာဗျူး ဖြေဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Moe Kyaw Thu

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.