ရေး၊ နိုဝင်ဘာ ၂၃

မွန်ပြည်နယ် ရေးမြို့ကို တော်လှန်ရေးအင်အားစုတွေ မြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်ကောင်စီဘက်က ခံစစ်အတွက် အခိုင်အမာပြင်ဆင်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ တပ်တွင်းအရင်းအမြစ်ကနေ သိရပါတယ်။

မြို့သိမ်းတိုက်ပွဲသတင်းကြောင့် စစ်ကောင်စီဟာ ပြီးခဲ့တဲ့နိုဝင်ဘာလဆန်းပိုင်းကစပြီး ရေးမြို့ရှိ တပ်ရင်း၊ တပ်စခန်း၊ ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေမှာ ကတုတ်ကျင်းတွေ၊ ဘန်ကာတွေကို အခိုင်အမာ ထပ်မံပြင်ဆင်တာတွေ လုပ်ဆောင်နေတာပါ။

တပ်တွင်းသတင်းအရင်းအမြစ်တွေက စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေ ဝင်တိုက်နိုင်မယ့် တပ်စခန်းတွေမှာ လုံခြုံရေးတိုးမြှင့်တာ၊ ဗျူဟာကုန်းတွေကနေ လက်နက်ကြီးပစ်ကူပေးဖို့ ဟောင်ဝစ်ဇာအပါအဝင် လက်နက်ကြီး အမြောက်အများ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြို့တွင်းရှိ အရေးကြီးတဲ့ ဌာနဆိုင်ရာရုံးတွေကိုလည်း တပ်တွင်းပြောင်းရွှေ့ထားသလို ဝန်ထမ်းတွေအနေနဲ့ လုံခြုံရေးသတိရှိဖို့၊ တပ်မိသားစုဝင်တွေကိုလည်း နေ့ရောညပါ ၂၄ နာရီလုံး အလှည့်ကျ ကင်းစောင့်တာတွေ လုပ်ဆောင်ခိုင်းထားတယ်လို့ သိရပါတယ်။

ဒေသခံတွေအဆိုအရ မြို့သိမ်းတိုက်ပွဲ သတင်းတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့တွင်းနဲ့မြို့အပြင်နေရာတွေမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ မရှိတော့သလို အရပ်သားပြည်သူတွေမှာ စိုးရိမ်စိတ်တွေကြောင့် အပြင်ထွက်သွားလာမှု နည်းပါးသွားတယ်လို့ ပြောဆိုပါတယ်။

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် ရေးမြို့အတွင်းမှာ ဆန်အပါအဝင် အခြေခံစားသောက်ကုန် ဝယ်ယူစုဆောင်းမှုတွေရှိနေတဲ့အတွက် ဈေးနှုန်းအဆမတန်မြင့်တက်လာသလို စက်သုံးဆီကအစ ဝယ်ယူဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

တဖက်မှာတော့ ဒေသခံတွေဟာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ကနေ အရပ်သားပြည်သူတွေကို ပေါ်တာဆွဲမယ်ဆိုတဲ့ သတင်းတွေကြောင့် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတာပါ။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ် ရေးမြို့နယ်ဟာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းနဲ့ ဌာနဆိုင်ရာရုံးတွေကို တော်လှန်ရေးအင်အားစုတွေက မကြာခဏ တိုက်ခိုက်ခံနေရပြီး နယ်မြေတချို့ကို စစ်ကောင်စီဘက် လက်လွှတ်ထားရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.