မြိတ်၊ နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့အခြေစိုက် စစ်ကောင်စီ ရေတပ်သ‌င်္ဘောကျင်းဌာနချုပ်(သီလဝါ)မှ တပ်ကြပ်ကြီးတစ်ဦး CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတယ်လို့ မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းက နိုဝင်ဘာ ၂၂ နေ့မှာ ထုတ်ပြန်ပါတယ်။

တပ်ကြပ်ကြီး အောင်ကျော်မျိုးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က ရေတပ်သ‌င်္ဘောကျင်းဌာနချုပ် (သီလဝါ)ကနေ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိတ်ခရိုင် အမှတ်-၁ တပ်ရင်းထံ ဆက်သွယ်ပြီးဝင်ရောက်ခိုလှုံခဲ့ပါတယ်။

သူဟာ စစ်တပ်အာဏာသိမ်းတဲ့ချိန်ကစပြီး အရပ်သားပြည်သူတွေအပေါ် စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်တာတွေ၊ တပ်ထဲမှာ ကြီးနိုင်ငယ်ညှင်း လုပ်တာတွေကြောင့် မနေချင်တော့လို့ ထွက်လာခဲ့တယ်လို့ မြိတ်ခရိုင်ပြန်ကြားရေးတာဝန်ခံက ပြန်ပြောပြပါတယ်။

စစ်လက်နက်ပစ္စည်း ဘာတစ်ခုမှမပါဘဲ အလင်းဝင်လာတဲ့ တပ်ကြပ်ကြီးအောင်ကျော်မျိုးကို လုံခြုံတဲ့နေရာမှာ ကောင်းမွန်စွာ ထိန်းသိမ်းထားတဲ့အပြင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ရဲ့ နိုင်ငံ့ဝန်ထမ်း CDM မူဝါဒနဲ့အညီ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊လေတပ်ဖွဲ့မှ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်သားတွေလည်း ပြည်သူဘက်ကို မျက်နှာမူပြီး အာဏာရှင်လူတစ်စုရဲ့ လက်အောက်မှ အမြန်ဆုံးရုန်းထွက်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ပုလောမြို့နယ် ဒေသခံဖြစ်တဲ့ CDM တပ်ကြပ်ကြီး အောင်ကျော်မျိုးဟာ စစ်ကောင်စီတပ်မှာ စစ်မှုထမ်းသက် ၁၄ နှစ်ရှိပြီးဖြစ်တဲ့ တပ်ကြပ်ကြီးတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အဆိုအရ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်အင်အား ၁၄၀၀၀ ကျော် CDM ပြုလုပ်ထားတယ်လို့ အခုနှစ်ဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.