မော်လမြိုင်၊ နိုဝင်ဘာ ၂၃

လွိုင်ကော်တက္ကသိုလ် သိမ်းပိုက်ခံရပြီးနောက် ကျောင်းပြင်ပပြောင်းရွှေ့နေထိုင်ကြတဲ့ မော်လမြိုင်တက္ကသိုလ်ရှိ Non CDM ဆရာ၊ ဆရာမတွေအပါအဝင် ဝန်ထမ်းတွေကို ပြောင်းရွှေ့နေထိုင်ခွင့် ပိတ်ပင်လိုက်တယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။

မော်လမြိုင်တက္ကသိုလ်ရှိ Non CDM ဝန်ထမ်းတွေဟာ ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ လွိုင်ကော်တက္ကသိုလ်ကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စိုးရိမ်စိတ်တွေကြောင့် နီးစပ်ရာဆွေမျိုးနေအိမ်တွေနဲ့ ပြင်ပရပ်ကွက်တွေမှာ ပြောင်းရွှေ့နေထိုင်လာကြတာပါ။

ကျောင်းပြင်ပ ပြောင်းရွှေ့နေထိုင်မှုတွေ များလာတာကြောင့် စစ်ကောင်စီခန့် ပါမောက္ခချုပ်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ အရေးပေါ်အစည်းအဝေး တစ်ရပ်ခေါ်ယူပြီးနောက် ပြောင်းရွှေ့နေထိုင်ခွင့်တွေ ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

အဲဒီအစည်းအဝေးအတွင်း တက္ကသိုလ်ဝန်ထမ်းတွေအနေနဲ့ ကျောင်းအတွင်း ပြန်လည်နေထိုင်ကြဖို့၊ ကျောင်းရဲ့အတွင်းသတင်းတွေ ပေါက်ကြားမှုမရှိအောင် သတိ ထားဖို့နဲ့ PDF ဝင်တိုက်လာပါက ထိခိုက်မှုမရှိအောင် ပြင်ဆင်ထားကြဖို့ ညွှန်ကြားလာတာပါ။

တက္ကသိုလ်အတွင်း တိုက်ပွဲဖြစ်ပွားပါက ဘေးလွတ်ရာကို အချိန်မီ ပြောင်းရွှေ့နိုင်ဖို့ အတွက် ဝင်လမ်းထွက်လမ်းတွေကို ပြင်ဆင်ခိုင်းထားသလို လမ်းကြောင်းပိတ်မိခဲ့ပါကလည်း တစ်စုတစ်စည်းထဲ နေထိုင်ကြဖို့ ညွှန်ကြားထားတယ်လို့ အမည်မဖော်လိုတဲ့ Non CDM ဝန်ထမ်းတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

လက်ရှိမှာတော့ မော်လမြိုင်တက္ကသိုလ်က Non CDM ဝန်ထမ်းတွေဟာ ကျောင်းအဆောင်တွေမှာ ဝင်လမ်းထွက်လမ်းတွေနဲ့ ပုန်းခိုနိုင်တဲ့နေရာတွေကအစ ပြင်ဆင်လာကြသလို အပြင်လူဝင်ရောက်မှု ရှိ မရှိ စောင့်ကြည့်နေရတယ်လို့ ဆိုပါတယ်။

မော်လမြိုင်တက္ကသိုလ်မှာ Non CDM ဝန်ထမ်းတွေအအပြင် အတူနေမိသားစုဝင်ရာနဲ့ချီရှိနေပြီး အ များစုဟာ တက္ကသိုလ်ဝင်းအတွင်း နေထိုင်ကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.