ဘုရားသုံးဆူ၊ နိုဝင်ဘာ ၂၃

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ်၊ဘုရားသုံးဆူမြို့မှာ နိုဝင်ဘာ ၂၃ ရက်နေ့ မနက် ၉ နာရီအချိန် ခန့်က စစ်ကောင်စီ ဒုတပ်ရင်းမှူးတစ်ဦး စနိုက်ပါနဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ကော့ကရိတ်အခြေစိုက် စစ်ကောင်စီ အမှတ်(၉၇) ခြေလျပ်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးအေးချမ်းဟာ ဘုရားသုံးဆူမြို့ရှိ Beauty Parlor ဆိုင်မှာ ဆံပင်ညှပ်ပြီးနောက် ပြန်ဖို့ပြင်ဆင်နေချိန်မှာ စနိုက်ပါနဲ့ ပစ်ခတ်ခံခဲ့ ရတာပါ။

စနိုက်ပါနဲ့ ပစ်ခတ်ခံရတာကြောင့် ဗိုလ်မှူးအေးချမ်းဟာ ဦးခေါင်းကျည်ဖောက်ဝင် ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်မှူးအေးချမ်း ပစ်သတ်ခံရပြီးနောက် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဘုရားသုံးဆူပြည်သူ့ဆေးရုံထံ ပို့ဆောင်ပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ ဒုတပ်ရင်းမှူး ပစ်သတ်ခံရပေမယ့် ဘုရားသုံးမြို့တွင်း ပိတ်ဆို့ရှာဖွေစစ်ဆေးတာမရှိဘဲ စစ်ကောင်စီ ဟာ တပ်ဝင်းထဲမှာ နေထိုင်နေရတယ်လို့ ဒေသခံတွေက သိရပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့လဲဆိုတာ လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ဘုရားသုံးမြို့မှာ စစ်ကောင်စီတပ်အပြင် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်KNLA၊ ကရင်ငြိမ်း ချမ်းရေးကောင်စီ PC ၊ နယ်ခြားစောင့်တပ် BGF ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်DKBA နဲ့ မွန်ပြည်သစ် ပါတီအပါအဝင် မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း လှုပ်ရှားတဲ့ဒေသတစ်ခု ဖြစ်ပါတယ်။

ကော့ကရိတ်အခြေစိုက် စစ်ကောင်စီ အမှတ်(၉၇) ခြေလျပ်တပ်ရင်းဟာ နယ်မြေလုံခြုံရေးအရ ဘုရားသုံးဆူ မြို့မှာ လာရောက်တပ်စွဲထားတဲ့ တပ်ရင်းတစ်ခုလည်း ဖြစ်တယ်လို့ စစ်တပ်အရင်းအမြစ်တွေကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.