မော်လမြိုင်၊ နိုဝင်ဘာ ၂၃

နိုင်ငံတဝှမ်းပျံ့နှံ့လာတဲ့ တိုက်ပွဲတွေနဲ့အတူ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ဘဏ်တွေမှာ ငွေထုတ်ဖို့ ခက်ခဲလာတဲ့အတွက် မွန်ပြည်နယ်ရဲ့ ရော်ဘာကဏ္ဍအပေါ် ထိခိုက်မှုတွေ ရှိလာတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုင်ငံအတိုင်းအတာအရ ရော်ဘာအများဆုံးထွက်ရှိတဲ့ မွန်ပြည်နယ်ရဲ့ ရော်ဘာကဏ္ဍဟာ နယ်မြေမတည်ငြိမ်မှုတွေကြောင့် ရော်ဘာအစေးခြစ်ဖို့ အခက်ကြုံနေရတဲ့ အခြေအနေမှာပဲ ဘဏ်တွေကနေ ငွေထုတ်ဖို့ ခက်ခဲလာတဲ့ ပြဿနာကိုပါ ထပ်မံကြုံတွေ့နေရပါတယ်။

ထွက်ရှိလာတဲ့ ရော်ဘာကုန်ကြမ်းတွေကို တရုတ်အပါအဝင် ထိုင်းနိုင်ငံတို့ကို တင်ပို့ရောင်းချနေတဲ့ မွန်ပြည်နယ်ဟာ ဘဏ်တွေကနေ ငွေထုတ်ဖို့ ခက်ခဲနေတဲ့အတွက် ဈေးကွက်အတွင်း ရော်ဘာဝယ်ယူဖို့နဲ့ တင်ပို့ရောင်းချဖို့အတွက် အခက်အခဲ ဖြစ်လာခဲ့တာပါ။

ရော်ဘာလုပ်ငန်းရှင်တစ်ဦးကတော့ အခုဖြစ်စဉ်ဟာ အာဏာသိမ်းကာလအတွင်း ဒုတိယအကြိမ် ဘဏ်တွေမှာ ငွေထုတ်ဖို့ အခက်အခဲရှိနေတာဖြစ်ပြီး ငွေတွေလိုသလောက် ထုတ်ယူလို့မရတာကြောင့် အရောင်းအဝယ်ပြုလုပ်ဖို့ အခက်ကြုံနေရပြီလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ငွေရေးကြေးရေး ထုတ်ရခက်တဲ့အပိုင်းတွေ ရှိလာတယ်။ ဟိုအရင်တစ်ခါ ဖြစ်သလိုမျိုး ပြန်ဖြစ်လာတယ်လေ။ ဘဏ်ပြဿနာတွေ ရှိလာတယ်။ နောက်ပိုက်ဆံတွေ အများကြီး မထုတ်ပေးတော့တဲ့ ကဏ္ဍတွေရှိတယ်။ တချို့ တလေကျတော့လည်း အကောင့်ဖွင့်ထားရင် အကောင့်ချင်းချင်း လွှဲလို့ရသေးတယ်။ အဲဒီကနေ ငွေသားထုတ်မယ်ဆိုရင် နည်းနည်းပဲ ပြန်ထုတ်ခွင့်ရှိတော့တယ်။ ဥပမာနှစ်ဆယ်၊ သုံးလေးငါးဆယ်တို့လောက်ပေါ့။ ရော်ဘာသမားအနေနဲ့ ရော်ဘာဒိုင်တွေအနေနဲ့ အဲဒီလောက်က ဘာမှလုပ်လို့မရတော့ ဒုက္ခတွေတော့ အရမ်းရောက်တာပဲ၊ နည်းနည်း မဟုတ်ဘူးအများကြီးရှိတယ်။ ဘဏ်ငွေပြဿနာပြန်ပြီး ဒုတိယအကြိမ် ပြန်စတာပေါ့”လို့ ဆိုပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပုဂ္ဂလိကဘဏ်တွေနဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ဘဏ်တွေမှာ လူပုဂ္ဂိုလ်တစ်ဦးကို တစ်ပတ်လျှင် ကျပ်သိန်း ၂၀၊ စီးပွားရေးလုပ်ငန်းတွေဆိုရင် ကျပ်သိန်း ၂၀၀ သာ ထုတ်ယူခွင့်ပေးနေတယ်လို့ လုပ်ငန်းရှင်တွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဗဟိုဘဏ်ကတော့ ဘဏ်တွေမှာငွေတွေကို အကန့်အသတ်မရှိ ပုံမှန်အတိုင်း ထုတ်ယူနိုင်နေပြီး ကျပ်သိန်း ၁၀၀၀နဲ့အထက် ငွေသားထုတ်ယူမှုကိုသာ အနီးကပ်စောင့်ကြည့်လျက်ရှိတယ်လို့ နိုဝင်ဘာ ၂၀ ရက်နေ့မှာ ပြောဆိုလာတာ ဖြစ်ပါတယ်။

ရော်ဘာလုပ်ငန်းရှင် နောက်တစ်ဦးကလည်း ဘဏ်တွေမှာ ငွေကိုလိုသလောက် ထုတ်ယူလို့မရတဲ့အတွက် လုပ်ငန်းလည်ပတ်ဖို့တောင် အခက်အခဲရှိလာသလို ငွေထုတ်ယူလို့ မရတဲ့အတွက် ဈေးကွက်ရှိရင်တောင် ရောင်းလို့မရတဲ့ အခြေအနေ ဖြစ်ပေါ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ငွေလွှဲရခက်တာက အဓိကအကျဆုံးပေါ့။ ပေးတာက လုပ်ငန်းတွေ ဖော်ပြနိုင်ရင်တော့ တစ်နေ့ (၂၀၀)။ တစ်သီးပုဂ္ဂဆိုရင်တော့ (၂၀)ပဲဆိုတော့ လုပ်ငန်းလုပ်ရတာ မလည်ဘူး။ ကျွန်တော်တို့က အများနဲ့ အလုပ်လုပ်ရတာ၊ တစ်ဦးချင်းကတော့ အိမ်သုံးလောက်ပဲရတာပေါ့။ လုပ်ငန်းသုံးတော့ မရဘူးပေါ့။ ကျွန်တော်တို့က အဓိကမိန်းက ဈေးကွက်နဲ့ ငွေထုတ်ငွေသွင်း၊ အလွှဲအပြောင်းတွေပေါ့။ ဒါတွေကျွန်တော်တို့မှာ အခက်အခဲဖြစ်တော့ ဈေးကွက်ပေါ်ရင်တောင်မှ ကျွန်တော်တို့က ရောင်းဖို့အနေအထားမပေးဘူးပေါ့နော်”လို့ ဆိုပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုအတွင်း ဘဏ်တွေမှာ ငွေကြေးအ မြာက်အများ ထုတ်ယူမှုတွေ ရှိလာတဲ့အတွက် ကျပ်သိန်း ၁၀၀၀ နဲ့အထက် ငွေသား ထုတ်ယူမှုတွေကို ဗဟိုဘဏ်၊ စသုံးလုံးနဲ့ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU) က အနီးကပ်စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ဘဏ်တွေကနေ လိုတာထက် ငွေသားထုတ်ယူတာ၊ ဈေးကစားမှုတွေမှာ ပါဝင်ပတ်သက်တာ၊ ပြည်သူတွေကို ငွေသားထုတ်ယူဖို့ လှုံ့ဆောင်ရေးသားတာ၊ ဝါဒဖြန့်နေသူတွေကို တည်ဆဲဥပဒေတွေနဲ့ ထိရောက်စွာ အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။

မလိုအပ်ဘဲ ငွေသားထုတ်ယူမှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကအတိုင်း ဘဏ်တွေကနေ ပြည်သူတွေအနေနဲ့ မိမိငွေ‌တွေကို ရာခိုင်နှုန်း တစ်ရပ်ပေးပြီး လဲလှယ်ရယူခြင်းတွေ ဖြစ်အောင် ပြန်လည်ဖိတ်ခေါ်နေတာဖြစ်တယ်လို့ ဗဟိုဘဏ်က ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာငွေကျပ်တန်ဖိုး ကျဆင်းလာတာ၊ ဘဏ်တွေကို ယုံကြည်မှုလျော့ကျလာတာကြေင့် ၂၀၂၁ ခုနှစ် မတ်လဝန်းကျင်မှာ ဘဏ်တွေကနေ ငွေထုတ်ယူသူ အများအပြားရှိပြီးနောက် စစ်ကောင်စီဘက်က ငွေသားထုတ်ယူမှုတွေကို ကန့်သတ်ခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.