မနီလာ၊ နိုဝင်ဘာလ ၂၄

သမီးဖြစ်သူ ဒုသမ္မတ ရာထူးကနေ ဖြုတ်ချခံရပါက နိုင်ငံရဲ့ ဒုတိယအမြင့်ဆုံးအဆင့်ဖြစ်တဲ့ အထက်လွှတ်တော်အမတ်ရာထူးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေတယ်လို့ ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးက  ပြောကြားလိုက်ပါတယ်။

ဖိလစ်ပိုင်ရဲ့ ဒုတိယသမ္မတဖြစ်တဲ့ သမီးဖြစ်သူ ဆာရာဒူတတေးကို လျှို့ဝှက်ရန်ပုံငွေအသုံးပြုခဲ့တာနဲ့ပတ်သက်ပြီး လူထုကြားနာမှုခံယူနေချိန်မှာ ဒီသတင်းထွက်ပေါ်လာတာပါ။

လက်တလောမှာတော့ ဆာရာဒူတာတေးကို ဖြုတ်ချဖို့ အောက်လွှတ်တော်မှာ အလွတ်သဘော ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ အတိုက်အခံအမတ်တစ်ဦးက ပြောထားပါတယ်။

“အကယ်လို့ သင်တို့က အဲ့လိုလုပ်မယ်ဆို ကျွန်ုပ်နိုင်ငံရေးလောကထဲ ပြန်ဝင်လာမယ်။ ကျွန်ုပ်ဟာ အင်အားသုံးလုပ်‌ဆောင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုပြောချင်တာက အသက်အရွယ်အရ အိုမင်းပြီဖြစ်တဲ့ ကျွန်ုပ်အနေနဲ့ အထက်လွှတ်တော် အမတ်တစ်ဦး ဒါမှမဟုတ် ဒုတိယ သမ္မတအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်တယ်ဆိုတဲ့ အခြေအနေပါ”လို့  သမ္မတဟောင်း ဒူတာတေးက ပြောပါတယ်။

လာမယ့် ၂၀၂၅ မေလမှာ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်အမတ်ရွေးကောက်ပွဲပြုလုပ်မှာဖြစ်ပြီး သမ္မတနဲ့ ဒုသမ္မတရွေးကောက်ပွဲကိုတော့ ၂၀၂၈ ခုနှစ်မှာ ပြုလုပ်မှာဖြစ်ပါတယ်။

သမ္မတဟောင်း ဒူတာတေးဟာ ၂၀၂၂ ခုနှစ်ရွေးကောက်ပွဲမတိုင်ခင်ထဲက ဒုသမ္မတနေရာနဲ့ အထက်လွှတ်တော်အမတ်နေရာ ရယူဖို့ ကြိုးပမ်းခဲ့ဖူးတာပါ။

လက်ရှိသမ္မတ မားကိုစ့်ကတော့ စွဲချက်တွေနဲ့ရင်ဆိုင်နေရတဲ့ ဆာရာကိုထောက်ခံထားတဲ့အပြင် သူတို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်တဲ့ အခြေအနေမှာရှိတယ်လို့ အသိပေးထားပါတယ်။

“ကျွန်ုပ်တို့အနေနဲ့ သူ့ကို စွပ်စွဲပြစ်တင်တာမျိုး မဖြစ်စေချင်ပါ။ သူမအနေနဲ့ကလည်း ဒီအခြေအနေအတွက် စွပ်စွဲ ပြစ်တင်ခံရဖို့ မထိုက်တန်ပါဘူး”လို့ သမ္မတ မားကို့စ်က ပြောထားသလို မစ္စတာဒူတာတေးဟာ ညွှန့်ပေါင်း အစိုးရနဲ့ ကွဲထွက်နေတယ်ဆိုတဲ့ ထင်ကြေးတွေကိုလည်း ပယ်ချထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ ၂၀၂၂ ရွေးကောက်ပွဲမှာ မားကိုစ့်နဲ့ ဒူတာတေး မိသားစုတွေဟာ နိုင်ငံရဲ့ အမြင့်ဆုံးအာဏာကို ရယူထားကြသူတွေဖြစ်ခဲ့ပါတယ်။

Ref:BLOOMBERG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.