ထားဝယ် – နိုဝင်ဘာ ၂၃

တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်မှာရှိတဲ့ ကျောက်မဲတောင်ရဲစခန်းကို တော်လှန်ရေးအင်အားစု တွေဝင်ရောက်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ထားဝယ် ပကဖ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့မနက်အစောပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ စခန်းတွေကို ဝင်ရောက်တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ နှစ်ဘက်တိုက်ပွဲပြင်းထန်နေတဲ့အတွက် မြေပြင်အခြေအနေအသေးစိတ်ကို ပြောလို့မရသေးဘူးလို့ ထားဝယ် ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျောက်မဲတောင်ရဲစခန်းက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့ အတွက် တောင်သုံးလုံးကျေးရွာက ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦးသေဆုံးထားတယ်လို့လည်း ဒေသခံတွေက ဆိုထားပြီး သံလွင်တိုင်းမ် အနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။

နှစ်ဘက်တိုက်ပွဲတွေကြောင့် ကျောက်မဲတောင်ကျေးရွာ၊ဟိန္ဒားကျေးရွာနဲ့ တောင်သုံးလုံးကျေးရွာ က ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအားကောင်းတဲ့ တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ မြေပြင်ထိုးစစ် ၊လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၅၀ နီးပါးသေဆုံးထားရတယ် လို့ AAPP မှာဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.