အင်ဂျန်းယန်၊ နိုဝင်ဘာ ၂၃
တစ်နိုင်ငံလုံးအနှံ့ ထိုးစစ်တွေနဲ့ စစ်ကောင်စီတပ်ကို အမြစ်လှန်ဖို့ ဝိုင်းတိုက်ခိုက်နေချိန်မှာ ကချင်ပြည်နယ်မှာရှိတဲ့ တပ်စခန်းသုံးခုနဲ့ ရဲစခန်းတစ်ခုကို ရုတ်သိမ်းသွားတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကနေ သိရပါတယ်။
ရုပ်သိမ်းသွားတဲ့ တပ်စခန်းတွေဟာ မြစ်ကြီးနားခရိုင်၊ မြစ်ဆုံအထက်မှာရှိတဲ့ အင်ဂျန်းယန်မြို့နယ်အတွင်း ဆယ်စုနှစ်ကြာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၄၀ ရဲ့ တပ်စခန်း ၊ ၁၆ မိုင်ရှိ တပ်စခန်း၊ ဂွေထောင်တပ်စခန်းနဲ့ ရဲစခန်းတစ်ခုတို့ ပါဝင်ပါတယ်။
အဲဒီတပ်စခန်းသုံးခုနဲ့ ရဲစခန်းတို့ဟာ နိုဝင်ဘာ ၂၁ ရက်နေ့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ မြစ်ကြီးနားမြို့ဘက်ကို ဆုတ်ခွာသွားတာဖြစ်ပြီး အကြောင်းအရင်းကိုတော့ စုံစမ်းနေဆဲလို့ KIO သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အဲဒီ တပ်စခန်း ၃ ခု အင်ဂျန်းယန်ရယ်၊ ၁၆ မိုင် (တပ်စခန်း)ရယ်၊ မြစ်ဆုံနားက ကျွန်တော်တို့ ကချင်အခေါ် ဂွေထောင်တပ်စခန်း အဲဒီသုံးခုက မနေ့က မြစ်ကြီးနားမြို့ဘက်ကို သူတို့ဘာသာ သူတို့အစီအစဉ်နဲ့ ပြောင်းသွားတာ ရှိပါတယ်။ ဘာကြောင့်ပြောင်းသွားတယ်၊ ဘယ်လိုစစ်ရေးအခြေအနေဗျူဟာတွေ ဖြစ်လာမလဲဆိုတာတော့ ကျွန်တော်တို့လည်း စုံစမ်းနေဆဲ လေ့လာဆဲပဲ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
လက်ရှိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသတွင်း စစ်ရေးတိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ အင်ဂျန်းယန်မြို့မှာလည်း နှစ်ဖက်စစ်ရေးတင်းမာနေပြီး မြစ်ကြီးနား – ဗန်းမော် ကားလမ်းတလျှောက် အချင်းချင်းစောင့်ကြည့်နေတဲ့ အခြေအနေလို့ သူကပြောပါတယ်။
တပ်စခန်းတချို့ ရုတ်သိမ်းမှုဟာ အင်အားလုံးအရင်းနဲ့ ထိုးစစ်ဆင်လာမယ့် အခြေအနေတွေကို စစ်ရေးဗျူဟာအရ ပြန်လည်ပေါင်းစည်းတာ ဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၂၀ ရက်နေ့ထုတ် စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာမှာ ပြောဆိုထားပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ တတိယပတ်မှာ ရှမ်းပြည် နယ်မြောက်ပိုင်းက မုံးကိုးမြို့ရှိ စစ်ကောင်စီရဲ့ နမ့်ကွတ်စခန်းနဲ့ ဝိုင်းမော်မြို့က လဲလုံစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
အောက်တိုဘာ ၃၁ ရက်နေ့မှာလည်း ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်ရှိ ဆယ်စုနှစ်တစ်ခုကြာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ဂန်ဒေါင်ယန်စခန်းကို ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ခိုက်သိမ်းပိုက်ထားပါသေးတယ်။
လက်ရှိမှာတော့ KIA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်နေသလို စစ်ကိုင်းတိုင်းမှာလည်း PDF ပူးပေါင်းတပ်တွေနဲ့အတူ စစ်ကောင်စီကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ၁၀၂၇ စစ်ဆင်ရေးကြောင့် ဒီကနေ့အထိ စစ်ကိုင်းက မြို့ နှစ်မြို့အပါအဝင် ရှမ်းမြောက်က မြို့ ၆ မြို့နဲ့ ရခိုင်၊ ချင်း၊ ကရင်ပြည်နယ်မှာလည်း ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကို ရင်ဆိုင်နေရပြီး တပ်စခန်းရာကျော် လက်လွှတ်ထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Twitter