ဂျီနီဗာ၊နိုဝင်ဘာ ၂၃
ရုရှားကျူးကျော်စစ်စတင်ချိန်ကစပြီး ယူကရိန်းနိုင်ငံမှာ အရပ်သား တစ်သောင်းကျော် သေဆုံးထားပြီး အဲဒီထဲက ထက်ဝက်လောက်ဟာ ရှေ့တန်းနဲ့ဝေးတဲ့နေရာတွေက ဖြစ်တယ်လို့ ကုလ လူ့အခွင့်အရေးရုံးက နိုဝင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးမစ်ရှင်က သေဆုံးသူတွေကို ထပ်မံအတည်ပြုနေပြီး အမှန်တကယ် သေဆုံးသူဦးရေဟာ ကောက်ယူရရှိထားတဲ့ စာရင်းထက်ပိုမိုများပြားနိုင်တယ်လို့လည်း ဆိုထားတာပါ။
အဲဒီအချက်အလက်တွေဟာ ကျူးကျော်ဝင်ရောက်ပြီးနောက် ပထမလတွေအတွင်း မြို့ခံတွေက အရပ်သားသေဆုံးမှု မြင့်မားလာတယ်လို့ သတင်းပေးပို့တဲ့ မာရီယိုပူးမြို့အား ထိန်းချုပ်ရေး တိုက်ပွဲလို ဖြစ်စဉ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
“ရုရှားဖက်ဒရေးရှင်းရဲ့ ယူကရိန်းကိုဆင်နွှဲတဲ့စစ်ပွဲဟာ အခုဆိုရင် ၂၁ လ ထဲသို့ဝင်ရောက်နေပြီဖြစ်ပြီး ထိတ်လန့်ဖွယ် လူအသေအပျောက်တွေနဲ့အတူ ရှည်လျားသောပဋိပက္ခအသွင်သို့ ပြောင်းလဲသွားနိုင်တယ်” လို့ စောင့်ကြည့်ရေးမစ်ရှင် ဦးဆောင်သူ ဒန်နီရယ်ဘဲလ်က ပြောခဲ့ပါတယ်။
ဒါ့အပြင် အရပ်သား တစ်သောင်းလောက်သေဆုံးခဲ့တာဟာ ယူကရိန်းအတွက် ဆိုးရွားတဲ့ မှတ်တိုင် တစ်ခုဖြစ်တယ်လို့လည်း သူက ပြောပါသေးတယ်။
သေဆုံးသူအများစုဟာ ဒုံးကျည်နဲ့ ကလက်စတာဗုံးတွေလို့ ကြီးကြီးမားမားထိခိုက်စေနိုင်တဲ့ လက်နက်တွေကြောင့် ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၃ လအတွင်းက သေဆုံးမှုရဲ့ ထက်ဝက်နီးပါးဟာ ရှေ့တန်းနဲ့ နီးကပ်တဲ့နေရာတွေမှာ ဖြစ်ပြီး ရုရှားတပ်ဖွဲ့ဝင်တွေရဲ့ တာဝေးပစ်ဒုံးကျည်တွေအသုံးပြုတာနဲ့ တားမြစ်ထားတဲ့ လက်နက်တွေရဲ့ ပေါက်ကွဲမှုတွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
လုံခြုံတဲ့နေရာတွေကို ပြောင်းရွှေ့ဖို့ အခက်အခဲရှိတဲ့ သက်ကြီးရွယ်အိုတွေရဲ့ သေဆုံးမှုဟာ အမြင့်ဆုံးပါဝင်နေတယ်လို့ လေ့လာစောင့်ကြည့်သူတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။
အခုလို အရပ်သားသေဆုံးမှုတွေမြင့်တက်နေပေမယ့် ရုရှားကတော့ အရပ်သားတွေကို ပစ်မှတ် ထားတိုက်ခိုက်တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။
Ref: Reuters