ဆိုးလ်၊ နိုဝင်ဘာ ၂၃
မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးဂြိုလ်တု လွှတ်တင်ပြီးနောက် ၂၀၁၈ ခုနှစ်က လက်မှတ် ရေးထိုးထားတဲ့ စစ်ရေးသဘောတူညီချက် တစ်စိတ်တစ်ပိုင်းကို ဆိုင်းငံ့လိုက်တယ်လို့ တောင်ကိုရီးယားက နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့က မြောက်ကိုရီးယားရဲ့ ပထမဆုံးအောင်မြင်ခဲ့တဲ့ ထောက်လှမ်းရေး ဂြိုလ်တုကို ကမ္ဘာ့ပတ်လမ်းအတွင်း လွှတ်တင်နိုင်ခဲ့သလို ထပ်မံလွှတ်တင်မှုတွေပြုလုပ်ဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။
ဂြိုလ်တုလွှတ်တင်မှုကို ပထမဆုံးအစီရင်ခံခဲ့တဲ့ တောင်ကိုရီးယားနဲ့ ဂျပန်တာဝန်ရှိသူတွေက အဲဒီဂြိုလ်တုဟာ ပတ်လမ်းအတွင်းရောက်ရှိတာကို အတည်မပြုနိုင်သေးသလို အမေရိကန် စစ်တပ်ကလည်း ဒုံးကျည်ပစ်လွှတ်မှု အောင်မြင်တာ ရှိမရှိ အကဲဖြတ်နေဆဲဖြစ်တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောခဲ့ပါတယ်။
တောင်ကိုရီးယားဝန်ကြီးချုပ် ဟန်ဒက်ဆူက ကိုရီးယားနှစ်နိုင်ငံသဘောတူစာချုပ်ရဲ့ တစ်စိတ် တစ်ပိုင်းကို ဆိုင်းငံ့ထားဖို့ လုပ်ဆောင်နေတယ်လို့ပြောထားသလို ဗြိတိန်ကို အလည်အပတ် ရောက်ရှိနေတဲ့ သမ္မတ ယွန်းဆုခ်ယိုကလည်း အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူခဲ့တာပါ။
ကိုရီးယားကျွန်းဆွယ် တင်းမာမှုတွေလျှော့ချဖို့ ရည်ရွယ်တဲ့ ဘက်စုံစစ်ရေး သဘောတူညီချက်လို့ လူသိများတဲ့ သဘောတူညီချက်တွေကို ၂၀၁၈ ခုနှစ်က တောင်ကိုရီးယားသမ္မတဟောင်း မွန်းဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ လက်မှတ်ရေးထိုးထားတာပါ။
အဲဒီသဘောတူညီချက်တွေမှာ လက်တွေ့ပစ်ခတ်မှုပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုကို ဆိုင်းငံ့ထား မယ့် ကြားခံဇုန်တွေအပြင်၊ လေယာဉ်မပျံသန်းရဇုန်၊ နှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန်က အစောင့်စခန်းတချို့ကို ဖယ်ရှားတာနဲ့ အရေးပေါ်ဖုန်းလိုင်းတွေ ဆက်လက်ထားရှိဖို့ ပါဝင်တယ် လို့ သိရပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းအဖြစ် အမြောက်ကျည် သန်းပေါင်းများစွာ ပေးပို့ခဲ့ပြီး ရုရှားရဲ့ နည်းပညာအကူအညီနဲ့ သူတို့ရဲ့ ဂြိုလ်တုလွှတ်တင်မှု လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက အသိပေးထားပါတယ်။
အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ ဝဂ်ဆန်ကလည်း ဒီဂြိုလ်တုလွှတ်တင်မှုဟာ ကုလ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမြောက်အများကို ပြောင်ပြောင်တင်းတင်း ချိုး ဖောက်တာ ဖြစ်သလို ဒီလုပ်ရပ်ကြောင့် တင်းမာမှုတွေ မြင့်တက်လာပြီး ဒေသတွင်း လုံခြုံရေး အခြေအနေတွေ မတည်မငြိမ်ဖြစ်စေတယ်လို့ အသိပေးထားပါတယ်။
Ref: CNA