ထားဝယ်၊ နိုဝင်ဘာ ၂၁

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ဗဟိုအလုပ်ကော်မတီကနေ တိုင်းသုံးတိုင်းရဲ့ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် ကြိုတင်ပြင်ဆင်‌ရေး ဥပဒေမူကြမ်းကို အတည်ပြုလိုက်တဲ့အပေါ် ဒေသတွင်းအင်အားစုတွေက ကန့်ကွက်လာကြပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ မကွေးတိုင်းတို့ကနေ ဒီမိုကရေစီနည်းအရ ရွေးကောက်ခံ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်အင်္ဂါရပ်တွေနဲ့အညီ တိုင်းလွှတ်တော်ခေါ်ယူ ကျင်းပခဲ့တယ်လို့ NLD က ဆိုပါတယ်။

အဲဒီလွှတ်တော်အတွင်း ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေကို ရွေးကောက်တင်မြှောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဦးတည်တဲ့ ကြားကာလအစီအမံ၊ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါ်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း အတည်ပြုလိုက်တာပါ။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးကတော့ တတိယကြိမ်လွှတ်တော်ဟာ ၂၀၀၈ ဖွဲ့စည်းပုံကနေ ပေးထားချက်ဖြစ်တဲ့အတွက် အဲဒီကနေကြားကာလမူကြမ်းအတည်ပြုမှု တရားဝင်မှာမဟုတ်ဘူးလို့ သံလွင်တိုင်မ်းကို ပြောပါတယ်။

“ကျွန်တော်တို့နားလည်တာက တတိယကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပေးထားချက်တွေဖြစ်တယ်။ အဲဒီလို လွှတ်တော်ကတရားမဝင်ဘူး၊ ဘာလို့ဆို ၂၀၀၈ က ပျက်ပြယ်သွားပြီးသားဖြစ်တယ်။ အဲဒီတော့ အဲဒီတတိယအကြိမ် တနင်္သာရီတိုင်း လွှတ်တော်ဆိုတာလည်း မရှိဘူး။ အဲဒီလိုလွှတ်တော်က အတည်ပြုလိုက်တဲ့ဥပဒေက တရားဝင်မှာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ လက်ခံမှာလည်းမဟုတ်ဘူး”လို့ သူက ဆိုပါတယ်။

တနင်္သာရီဒေသတွင်းရှိ အင်အားစု ၂၀ ကျော်ကတော့ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဒေသတွင်း နိုင်ငံရေး၊ တော်လှန်ရေးအင်အားစုတွေနဲ့ ဒီကနေ့အထိ တရားဝင်အသိပေးချပြ ဆွေးနွေးတာ၊ သဘောထားရယူတာ လုံးဝမရှိခဲ့ဘူးလို့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ သဘောထားထုတ်ပြန်ပါတယ်။

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတိအလင်းဖျက်သိမ်းထားပြီးဖြစ်တာကြောင့် အဲဒီဥပဒေကို အခြေပြုပြီး တစ်ပါတီတစ်စုတစ်ဖွဲ့မှ အခုလိုမျိုး ပြည်နယ်ဆိုင်ရာပြဌာန်းခွင့်ကို ကျော်လွန်တဲ့လုပ်ဆောင်မှုဟာ အစုအဖွဲ့တစ်ခုအနေနဲ့ ဒေသတွင်းနိုင်ငံရေးကို လက်ဝါးကြီးအုပ်တယ်လို့ ဆိုပါတယ်။

တနင်္သာရီဒေသကို တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ် ယုံကြည်ပြီး တနင်္သာရီရဲ့ ကံကြမ္မာကို ဒေသတွင်းပြည်သူတွေကသာ ဆုံးဖြတ်ပိုင်ခွင့် ပြဌာန်းပိုင်ခွင့်ရှိတယ်လို့ ဒေသတွင်းအင်အားစုတွေက ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

စစ်ကိုင်းဖိုရမ် ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေကတော့ ၂၀၀၈ အခြေခံဥပဒေအောက်ကနေ လွှတ်တော်ခေါ် ယူပြီး ဥပဒေအတည်ပြုတဲ့ကိစ္စဟာ စုပေါင်းဦးဆောင်မှုအသွင်မဆောင်သလို အခုလိုကိစ္စရပ်တွေကို NUCC မှာ ညှိနှိုင်းခြင်းမရှိရင် ချာတာနဲ့ကိုက်ညီမှုမရှိဘူးလို့ ပြောပါတယ်။

“၂၀၀၈ အခြေခံဥပဒေအောက်ကနေပဲ လွှတ်တော်ခေါ်ယူပြီး ဥပဒေကို အတည်ပြုတဲ့ကိစ္စက စု ပေါင်းဦးဆောင်မှု အသွင်သဏ္ဍာမဆောင်ဘူးလို့ ကျွန်တော်တို့ နားလည်တယ်။ နောက်တစ်ချက်က ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ် အစိတ်အပိုင်း ၂ အပိုဒ် ၅၃ မှာလည်းပဲ ပြည်နယ်ဖက်ဒရယ်ယူနစ်တွေရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှာ ညှိနှိုင်းဆောင်ရွက်မည်လို့ ပါပါတယ်။ ဆိုတော့ လက်ရှိဥပဒေပြုတဲ့ကိစ္စက NUCC မှာ ညှိနှိုင်းခြင်း ရှိ မရှိပေါ့ဗျာ။ မရှိဘူးဆိုရင် ချာတာနဲ့ကိုက်ညီမှုမရှိဘူးလို့ ပြောလို့ရမှာဖြစ်ပါတယ်”လို့ ဆိုပါတယ်။

NLD ဗဟိုအလုပ်ကော်မတီရဲ့ ထုတ်ပြန်ချက်မှာတော့ တိုင်းဒေသကြီး သုံးခုကနေ လွှတ်တော်ခေါ်ယူပြီး ကြားကာလအစီအမံမူကြမ်းအတည်ပြုတဲ့ကိစ္စအပေါ် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ ညှိနှိုင်းဆောင်ရွက်မှု ရှိ မရှိကိုတော့ ဖော်ပြထားခြင်းမရှိခဲ့ပါဘူး။

ကြားကာလအစီအမံရေးဆွဲဖို့ ပြင်ဆင်တဲ့ကိစ္စရပ်ဟာ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်ဖက်ဒရယ်ယူနစ်အားလုံးရဲ့ ကံကြမ္မာကို ပြဌာန်းသတ်မှတ်တာဖြစ်တာကြောင့် ပွင့်လင်းမြင်သာမှုရှိတဲ့ တန်းတူပါဝင်ခွင့်ရှိတဲ့ တော်လှန်ရေးရဲ့ မြေပြင်နဲ့ ကိုက်ညီမှုရှိတဲ့ လုပ်ငန်းစဉ်တွေကို ချမှတ်သင့်တယ်လို့ စစ်ကိုင်းဖိုရမ်က တိုက်တွန်းထားပါတယ်။

ဒေသတွင်းရှိ နိုင်ငံရေး၊တော်လှန်ရေး အင်အားစုတွေကတော့ ကြားကာလအစီအမံတွေ၊ အသွင်ကူးပြောင်းရေးကာလအစီအမံတွေနဲ့ ကြားကာလ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရာမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးပလက်ဖောင်းတစ်ခုကနေ လုပ်ဆောင်ဖို့လိုတယ်လို့ ထောက်ပြကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Frontier Myanmar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.