ဗီယန်ကျင်း၊ နိုဝင်ဘာ  ၂၁

၂၀၂၄ ခုနှစ်မှာ အာဆီယံဥက္ကဌဖြစ်လာမယ့် လာအိုနိုင်ငံဟာ အလှည့်ကျတာဝန်ယူမှုနဲ့ပတ်သက်တဲ့ လိုဂို၊ ဆောင်ပုဒ်၊ ဝက်ဆိုက်နဲ့ အပြင်အဆင်တွေကို လာအိုအမျိုးသားရေဒီယိုမှ ထုတ်ပြန်လိုက်ပါတယ်။

လာအိုနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ဆလမ်ဆေးကွန်မာဆစ်နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ အေဂျင်စီတွေဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှစတင်ပြီး အာဆီယံဥက္ကဌအဖြစ် ဆောင်ရွက်ဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။

လာမယ့် အာဆီယံရဲ့‌ဆောင်ပုဒ်ကတော့ ချိတ်ဆက်မှု အားကောင်းစေခြင်းနဲ့ ခံနိုင်ရည်ရှိမှုကို မြှင့်တင်ခြင်းဖြစ်ပြီး အာဆီယံ ဥက္ကဌဖြစ်လာမယ့် လာအိုနိုင်ငံဟာ နယ်ပယ်အားလုံးမှာရှိတဲ့ ဆက်သွယ်မှုတွေအားလုံးကို ပိုမိုနက် ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ စိတ်ဆန္ဒရှိတယ်လို့လည်း ပြောကြားထားပါတယ်။

ဒါ့အပြင် အခြေခံ အဆောက်အအုံ ချိတ်ဆက်မှု တိုးမြှင့်ရေး၊ အလုပ်အကိုင် ကွာဟချက်ကျဉ်းမြောင်းရေး၊ စီးပွားရေး ပေါင်းစည်းမှုနဲ့ လူသားအချင်းချင်း ဖလှယ်မှု မြှင့်တင်ရေးတို့အတွက် ထိပ်တန်း ဦးစားပေးလုပ်ငန်းတွေကို လာအိုနိုင်ငံက ကြွေးကြော်ထားတာပါ။

လာအိုနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူချိန်မှာ အသုံးပြုမယ့် လိုဂိုအမှတ်အသားမှာ စက်ဝိုင်း ပုံသဏ္ဍာန်ဖြစ်ပြီး ဒါဟာ ကမ္ဘာလုံးကို ကိုယ်စားပြုတာလို့ ဆိုပါတယ်။ အာဆီယံရဲ့ ဆက်ဆံရေးနဲ့ ကမ္ဘာတစ်ဝှမ်း ရှိ ပြင်ပမိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကိုယ်စားပြုတယ်လို့လည်း သိရပါတယ်။

ဒါအပြင် လိုဂိုမှာအသုံးပြုထားတဲ့ အရောင်တွေက အာဆီယံအလံနဲ့ တံဆိပ်ရဲ့ အပြာ၊ အနီ၊ အဝါ၊ အဖြူရောင် လေးရောင်ရှိမယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်မှာ အာဆီယံဥက္ကဌဖြစ်လာမယ့် လာအိုနိုင်ငံဟာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဇန်နဝါရီ ၂၈ ရက်နေ့နဲ့ ၂၉ရက်နေ့တို့မှာ လွန်ပရာဘန်မှာ ကျင်းပဖြစ်တယ်လို့ သံတမန်ရေး သတင်းအရင်း အမြစ်သတင်းတွေအရလည်း သိရပါတယ်။

Ref – Thai PBS world

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.