မနီလာ၊ နိုဝင်ဘာ ၂၁

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံထဲမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတာဟာ အာဆီယံအတွက် မြန်မာအရေး ဖြေရှင်းဖို့ ခက်ခဲတဲ့ ပြဿနာတစ်ခု ဖြစ်တယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ့်က နိုဝင်ဘာ ၂၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

မြန်မာအရေး ဖြေရှင်းဖို့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားပေမယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအပါအဝင် ပြဿနာတွေဟာ ရှုပ်ထွေးမှုတွေ ရှိနေတယ်လို့ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ ဟာဝိုင်အီရှီ ဖိုရမ်တစ်ခုမှာ မားကိုစ့်က ပြောဆိုခဲ့တာပါ။

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်က မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုခံခဲ့ရပြီးနောက် ဒီမိုကရေစီစနစ်အပါအဝင် တိုင်းပြည်ရဲ့ စီးပွားရေး ပြိုပျက်မှုတွေဖြစ်ပေါ်စေခဲ့သလို လူတစ်သန်းကျော်ဟာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတာပါ။

“ဒီပြဿနာကိုဖြေရှင်းဖို့ အာဆီယံအတွက် တွန်းအားတွေ အများကြီး ရှိနေပါတယ်၊ ဒါဟာ အရမ်းခက်ခဲတဲ့ ပြဿနာပါပဲ”လို့ ဖိလစ်ပိုင်သမ္မတ မားကို့စ်က ပြောခဲ့ပါတယ်။

ဖိလစ်ပိုင်ဟာ မြန်မာနိုင်ငံရဲ့ အလှည့်ကျအိမ်ရှင်အဖြစ် အစားထိုးယူပြီးနောက် ၂၀၂၆ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာဖြစ်တယ်လို့ သိရပါတယ်။

အာဆီယံထိပ်သီးခေါင်းဆောင်တွေ ချမှတ်ထားတဲ့ မြန်မာအရေး ငြိမ်းချမ်းရေးလမ်းပြမြေပုံကို ကတိမတည်မချင်း ထိပ်သီးအစည်းအဝေးတွေကို အာဏာသိမ်းဗိုလ်ချုပ်တွေ တက်ရောက်ခွင့်ပြုမှာမဟုတ်ဘူးလို့ သိရပါတယ်။  

ပြီးခဲ့တဲ့လကစတင်ပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့အတူ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းထိုးစစ်ဆင်နေတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းက လူသောင်းနဲ့ချီနေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

နိုင်ငံတဝန်းစစ်ပွဲတွေကြောင့် အထိနာနေတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ သူတို့စစ်တပ်ထံမှ ထောက်ခံမှုဆုံးရှုံးသွားတဲ့ အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ သမ္မတ မားကို့စ်က ပြောပါတယ်။

Ref: Asiaone

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.