မော်လမြိုင် – နိုဝင်ဘာ ၂၀
ကရင်နီတော်လှန်ရေးအင်အားစုတွေ ပစ်ခတ်မှုကြောင့် ပျက်ကျခဲ့တဲ့ စစ်ကောင်စီတိုက်လေယာဉ်ထဲ က လေထီးခုန်ချထွက်ပြေးခဲ့တဲ့ လေယာဉ်မှူး နှစ်ဦးထဲက တစ်ဦးကိုအရှင်ဖမ်းဆီးရမိပြီဖြစ်တယ်လို့ NUGအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်စဉ် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ ပွိုင့် 5 သေနတ်နဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီ ရဲ့ K-8 အမျိုးအစား တိုက်လေယာဉ် ပျက်ကျခဲ့တာပါ။
လေယာဉ်ထိမှန်ပြီးနောက် လေထီးခုန်ထွက်ပြေးသွားတဲ့ စစ်တိုက်လေယာဉ်မှူးဖြစ်သူ ဗိုလ်မှူး ခိုင်သန့်မိုး ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ တွေ၊KNDF နဲ့ KA တပ်ဖွဲ့ဝင်တွေ ဝိုင်ဝန်းရှာဖွေဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးရဲ့ပြောဆိုချက်အရ စစ်ကောင်စီတိုက်လေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုးကို နိုဝင်ဘာလ ၁၉ ရက်နေ့ညပိုင်းက ဖရူဆိုဘက်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီလေယာဉ်မှူးကိုဖမ်းဆီးခဲ့ပြီးနောက် ဘယ်လိုအရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတာတော့ သံလွင်တိုင်းမ် အနေနဲ့အတည်မပြုနိုင်သေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG