မော်လမြိုင်၊ နိုဝင်ဘာ ၁၀

နိုင်ငံရေး၊ စစ်ရေးအပြင် သံတမန်ရေးရာတိုက်ပွဲတွေမှာ အဘက်ဘက်က ရှုံးနိမ့်လာတဲ့ စစ်ကောင်စီဟာ မွန်ပြည်နယ်မှာတော့ လူမှုကွန်ရက်အသုံးပြုသူတွေကို အဆက်မပြတ်စောင့်ကြည့်ပြီး ခပ်စိပ်စိပ်ဖမ်းဆီးမှုတွေ ပိုမိုပြုလုပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နယ်မြေအခြေအနေအရ မွန်ပြည်နယ်ရဲ့ နေရာအများစုကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့လပိုင်းတွေကစပြီး လူမှုကွန်ရက်ကနေ ခြေရာခံကာ ဒေသခံပြည်သူတွေကို ရှာဖွေဖမ်းဆီးမှုတွေ ပိုမိုပြုလာတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဒေသခံပြည်သူတွေကို စောင့်ကြည့်ရာမှာ ဖေ့ဘုတ်စ်အပြင် Tik Tok ဆိုရှယ်မီဒီယာတွေမှာပါ သဘောထားမှတ်ချက် ဝင်ရောက်ရေးသားတာ၊ ပြန်လည်မျှဝေရုံနဲ့ ဖမ်းဆီးတရားစွဲမှုတွေ လုပ်ဆောင်နေတာပါ။

အနီးစပ်ဆုံးအနေနဲ့ နိုဝင်ဘာ ၄ ရက်နေ့ကလည်း မော်လမြိုင်မြို့ဒေသခံ ကိုကိုထွဋ်ဟာ ဝန်ကြီးများအိမ်ရာအရှေ့က အတားအဆီးတွေကို ဗီဒီယိုရိုက်ကူးပြီး Tik Tokမှာ ပြန်လည်မျှဝေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅- ကနဲ့ ဖမ်းဆီးအမှုဖွင့်ခံခဲ့ရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂ ရက်နေ့ကလည်း မော်လမြိုင်မြို့မှာ နေထိုင်တဲ့ CDM သားဖွားဆရာမတစ်ဦးကို ရေးမြို့နယ်ငါးလုပ်ငန်းဦးစီးမှူး အသတ်ခံရတဲ့သတင်း ဖေ့ဘုတ်စ်လူမှုကွန်ရက်မှာ ပြန်လည်မျှ ဝေတယ်ဆိုပြီး ပုဒ်မ ၅၀၅ – က နဲ့ ဖမ်းဆီးအမှုဖွင့်ခဲ့ပါသေးတယ်။

နိုင်ငံရေးအကျဉ်းသားတစ်ဦးကတော့ စစ်ကောင်စီရဲ့အခုလုပ်ရပ်ဟာ ထိန်းချုပ်ထားနိုင်တဲ့ ဒေသကပြည်သူတွေကို ပိုမိုဖိနှိပ်တာဖြစ်ပြီး လွတ်လပ်စွာပြောဆိုခွင့်အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးဝါးဆုံး ကျုးလွန်ခံရတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တဖက်မှာ သူအင်အားချည့်နဲ့လာတာ၊ ကျဆုံးမှုတွေများလာတဲ့အခါမှာ ဒီနိုင်ငံရေးနဲ့ လှုပ်ရှားသူမှန်သမျှကို နိုင်ရာကို အနိုင်ကျင့်ပြီးတော့ မင်းတို့ဟိုဘက်မှာလုပ်ရင် ငါတို့ဒီဘက်မှာ လုပ်ဆောင်နေတယ်။ တော်တော်လေးကို စောင့်ကြည့်တယ်၊ တော်တော်လေးကိုလည်း ပိုက်စိပ်တိုက်လုပ်လာတယ်။ ဒါကလူ့အခွင့်အရေး ချိုးဖောက်တာပေါ့။ သမာရိုးကျရိုးရိုးသားသားနဲ့ သူနှစ်သက်တာလေးကို မျှဝေမိရင်တောင်မှ အပြစ်ကြီးတစ်ခုလို ဖြစ်နေတာပေါ့နော။ ဒီတော့ကိုယ့်ပိုက်ဆံနဲ့ကိုယ်၊ ကိုယ့်ဖုန်းနဲ့ကိုယ်၊ ကိုယ့်စိတ်ထဲက ဖြစ်ပေါ်လာတာကို လွတ်လပ်စွာပြောဆိုတင်ပြခွင့်တွေကအစ တအား ကြီးပိတ်ပင်လာတဲ့အခါမှာ လူ့အခွင့်အရေးချိုးဖောက်တာက ပြင်းပြင်းထန်ထန်ကို ဖြစ်နေတာပေါ့” လို့ ဆိုပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့အောက် တိုဘာလနဲ့ အခုနိုဝင်ဘာလအတွင်း စစ်ကောင်စီဟာ မော်လမြိုင်၊ပေါင်၊ ကျိုက်ထို၊ သထုံ၊ သံဖြူဇရပ်နဲ့ဘီးလင်းတို့က လူမှုကွန်ရက်အသုံးပြုသူ ၂၀ ထက်မနည်း ဖမ်းဆီးအမှုဖွင့်ထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးအမှုဖွင့်ခံရသူအများစုဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFတို့ရဲ့ သတင်းပြန်လည်မျှဝေတာနဲ့ စစ်ကောင်စီအပေါ် ဝေဖန်ရေးသားသူတွေကို အဓိကပစ်မှတ်ထား ဖမ်းဆီးနေတာပါ။

ဒေသခံလူငယ်တစ်ဦးကတော့ စစ်တပ်အာဏာသိမ်းပြီးကတည်းက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ဆုံးရှုံးခဲ့ပြီးဖြစ်သလို အခုလုပ်ရပ်ဟာ ပြည်သူတွေကို အကြောက်တရားနဲ့ဆက်ပြီး အုပ်ချုပ်ချင်တဲ့အတွက် လိုက်လံဖမ်းဆီးနေတာဖြစ်တယ်လို့ ပြောပါတယ်။

“စစ်အာဏာသိမ်းပြီးကတည်းကိုက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေ၊ လွတ်လပ်စွာသွားလာခွင့်တွေ ရှုံးဆုံးခဲ့ရပြီးပြီးပေါ့။ အခုစစ်ကောင်စီက အရူးမီးဝိုင်းနေတဲ့ကာလဖြစ်တယ်။ အဘက်ဘက်ကို ကြည့်လိုက်လို့ရှိရင် ရှုံးနေတဲ့ဟာကြီးပဲ ဖြစ်တယ်ပေါ့နော်။ လူထုကလည်း သူတို့ကို ထောက်ခံမှုမရှိဘူး။ သူတို့ရဲ့ကျဆုံးခန်းကို ပျော်ပျော်ကြီး လက်ခုပ်တီးတဲ့အချိန်မှာ ဒီလူတွေက လူထုကိုအကြောက်တရားနဲ့ ပြန်ပြီးတော့ လွှမ်းမိုးတယ်ပေါ့။ လူတွေက သူတို့ကိုကြောက်သွားမှ၊ ဒီလိုမျိုးရေးတာ၊ ပြောတာ၊ ဆိုတာတွေ မလုပ်ရဲတော့မှပဲ လူတွေကြောက်သွားမှပဲ သူတို့ကအကြောက်တရားနဲ့ဆက်ပြီး အုပ်ချုပ်လို့ရမှာပေါ့။ အဓိက ကလူထုကို အကြောက်တရားနဲ့ အုပ်ချုပ်သိမ်းသွင်းချင်လို့ပေါ့နော်။ ဒါကြောင့်မို့လို့ ဒီလိုမျိုးဖမ်းဆီးတာတွေ တောက်လျှောက်လုပ်တယ်လို့ ကျွန်တော်ကတော့ အဲဒီလိုမြင်တယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အခုလုပ်ရပ်ဟာ သူတို့လုပ်ရပ်အမှားတွေကို ပြည်သူတွေ မဝေဖန်ရဲအောင် ဖိနှိပ်ချင်တာကြောင့်ဖြစ်သလို တော်လှန်ရေးကာလအတွင်း သတင်းအမှန်တွေကို ဖုံဖိချင်တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ သူကဆက်ပြောပါတယ်။

တစ်ဖက်မှာလည်း စစ်တပ်လော်ဘီတွေက စစ်ကောင်စီအပေါ် ဝေဖန်ရေးသားသူတွေကို ဓာတ်ပုံ၊ နေရပ်၊ လိပ်စာနဲ့ အလုပ်အကိုင်တွေကအစဖော်ပြပြီး ဖမ်းဆီးဖို့ လှုံဆော်တာတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်က လိုက်လံဖမ်းဆီးတာတွေ ရှိနေတာပါ။

မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီရဲ့ အကြောင်းအမျိုးမျိုးပြီး ဖမ်းဆီးမှုကြောင့် ဒေသခံပြည်သူ ၈၀၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.