ဂျေရုစလင်၊ နိုဝင်ဘာ ၁၁

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျာမင်နေသန်ယာဟုက ဂါဇာကမ်းမြောင်ဒေသကို သိမ်းပိုက်အုပ်ချုပ်လိုတာ မဟုတ်ပေမယ့် စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှု တားဆီးဖို့အတွက် ပါလက်စတိုင်းနယ်မြေအတွင်းမှာ ယုံကြည်ရတဲ့ တပ်အင်အားတစ်ခု လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသ လုံခြုံရေးအတွက် အစ္စရေးက အချိန်အကန့်အသတ်မရှိ တာဝန်ယူမယ်လို့ဆိုတဲ့ နေတန်ယာဟုရဲ့မှတ်ချက်ကိုတော့ အစ္စရေးရဲ့အဓိကမဟာမိတ် အမေရိကန်က သဘောမတူပါဘူး။

ဟားမတ်စ်အုပ်ချူပ်သူတွေကို ချေမှုန်းပြီးနောက် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို သိမ်းပိုက်အုပ်ချုပ်မှာကို ဆန့်ကျင်သွားမယ်လို့ ဝါရှင်တန်က ပြောကြားထားပါတယ်။

“ဂါဇာကို သိမ်းပိုက်ဖို့ ကျွန်တော်တို့ မကြိုးစားဘူး၊ ဂါဇာကို အုပ်ချုပ်ဖို့လည်း မကြိုးစားဘူး” လို့ နိုဝင်ဘာ ၉ ရက်နေ့က အမေရိကန်ရုပ်မြင်သံကြား Fox News နဲ့ ပြောဆိုရာမှာ နေတန်ယာဟုက ပြောခဲ့ပါတယ်။

ဂါဇာမှာ အရပ်သားအစိုးရတစ်ရပ် ပေါ်ပေါက်လာဖို့ လိုအပ်ပေမယ့်လည်း အစ္စရေးဟာ အောက်တိုဘာ ၇ ရက်နေ့လို တိုက်ခိုက်မှုမျိုး ထပ်မံမခံရတာ သေချာစေရမယ်လို့ နေတန်ယာဟုက ပြောခဲ့ပါတယ်။

“ဒါကြောင့် လိုအပ်ရင် ဂါဇာကိုဝင်ပြီး လူသတ်သမားတွေကို သတ်ပစ်မယ့် ယုံကြည်လောက်တဲ့ တပ်ဖွဲ့တစ်ခု ရှိဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ဟားမတ်စ်အဖွဲ့ ပေါ်ပေါက်လာမှုကို ဟန့်တားနိုင်ဖို့ပါပဲ” လို့ နေတန်ယာဟုက ပြောဆိုခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၀၈၀၀ ကျော် သေဆုံးခဲ့ ကြောင်း သိရပါတယ်။ အခြေခံထောက်ပံ့ရေးပစ္စည်းတွေ ကုန်သွားတဲ့အပြင် ထိခိုက်ဒဏ်ရာရသူတွေ များပြားလွန်းတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးတစ်ခု ဖြစ်ပေါ်လာစေခဲ့တာလည်း ဖြစ်ပါတယ်။

အစ္စရေးတို့သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ အုပ်ချုပ်နေတဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) ကသာ စစ်ပွဲအပြီးမှာ ဂါဇာကို ပြန်လည်အုပ်ချုပ်သင့်တယ်လို့ အမေရိကန်အရာရှိတွေက ဆိုပါတယ်။

ဟားမတ်စ်တွေက ဂါဇာကို ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်မှာ သမ္မတ မာမွတ်အဘတ်စ်ရဲ့ PA တပ်ဖွဲ့တွေထံကနေ သိမ်းပိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပါလက်စတိုင်းဝန်ကြီးချုပ် မိုဟာမက်ရှာတေရာကတော့ PA အဖွဲ့ဟာ အစ္စရေးတင့်ကားရဲ့နောက်ကိုလိုက်ပြီး ဂါဇာသို့ ပြန်သွားမှာမဟုတ်ကြောင်း အခုသီတင်းပတ်အတွင်း PBS သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.